ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်မှာ လိဒ်ယူနိုက်တက်ကို ၆-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းဟာ ထိပ်ဆုံးမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကို အမှီလိုက်နိုင်စွမ်း ရှိကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့ဟာ ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး လတ်တလောမှာတော့ မန်ချက်စတာ စီးတီးက လီဗာပူးထက် ရမှတ် ၃မှတ် အသာ ရနေပါတယ်။

Photo Credit: Telegraph

ဒါပေမယ့် လီဗာပူးက လိဒ်ယူနိုက်တက်ကို အိမ်ကွင်း အန်ဖီးလ်မှာ ၆-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် လီဗာပူးရဲ့ ဂိုးကွာခြားချက် ပမာဏဟာ ၆၀ဂိုး အထိ ရှိလာခဲ့ပြီး ကလော့ပ်ရဲ့ လီဗာပူးဟာ ဂိုးကွာခြားချက်မှာ မန်ချက်စတာ စီးတီးထက် ၄ဂိုး အထိ အသာရနေပါတယ်။

ဒါကြောင့်ပဲ လီဗာပူးဟာ မန်ချက်စတာ စီးတီးနဲ့ ရမှတ်တူ အနေအထား ဖြစ်သွားခဲ့ရင် ဂိုးကွာခြားချက် အသာနဲ့ အဆင့်၁နေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်ကတော့ သူတို့ဟာ ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးကို စိန်ခေါ်နိုင်စွမ်း ရှိသလို မန်ချက်စတာ စီးတီးကို အမှီလိုက်နိုင်မယ်လို့လည်း ယုံကြည်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။

Photo Credit: Telegraph

ကလော့ပ်က – “ကျွန်တော်တို့တွေ နောက်ထပ် ၁၀ရက်ကြာမှ လိဂ်ပွဲကို ကစားရမယ်။ ဒီကြားထဲမှာ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို ယှဉ်ပြိုင် ကစားရပါမယ်။ အဲ့ဒီပွဲတွေကလည်း ကွဲပြားတဲ့ ပွဲစဉ်တွေ ဖြစ်တာမို့လို့ ကျွန်တော်တို့တွေ ပွဲစဉ်တိုင်း အတွက် အဆင်သင့် ဖြစ်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့နဲ့ မန်ချက်စတာ စီးတီး ကြားထဲမှာ ရမှတ် ၃မှတ်ပဲ ကွာဟပါတော့တယ်။ ဒီသီတင်းပတ် အကုန်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာသာ သူတို့ အနိုင်ရသွားရင် ၆မှတ် ကွာမယ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့သာ ကစားရမယ့် ပွဲတွေ အကုန်လုံးကို အနိုင်ယူနိုင်မယ် ဆိုရင် လိဂ်ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ နှစ်သင်းကြားမှာ ရမှတ် ကွာဟမှုက ၃မှတ် ဒါမှမဟုတ် ၆မှတ်လောက်ပဲ ရှိတာဆိုတော့ တခြားလူတွေ အတွက် ဒါက အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ခက်ခဲတဲ့ ပွဲစဉ်တွေကို အနိုင်ယူဖို့ လိုအပ်ပါဦးမယ်။ မန်ချက်စတာ စီးတီးကို အမှီလိုက်ဖို့ ဆိုတာ ခက်ခဲပေမယ့် ကျွန်တော်တို့တွေက ရေကုန်ရေခမ်း ကြိုးစားသွားမှာပါ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။