ပြီးခဲ့တဲ့ရက်ပိုင်းက အန်ဖီးလ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် လီဗာပူးလ်အသင်းဟာ အတ္တလန်တာအသင်းကို (၃)ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမယ့် ဒီရှုံးပွဲကို သူတို့ဘက်ကနေ အကောင်းဆုံး တုံ့ပြန်သွားမယ်လို့ နည်းပြကြီး ယာဂန် ကလော့ပ်က အသင်းပရိတ်တွေထံ ကတိပေး ပြောဆိုလိုက်ပါတယ်။

ဆကာမာကာ ပါဆာလစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ ဂိုးအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ လီဗာပူးလ်အသင်းရဲ့ ယူရိုပါလိဂ် မျှော်လင့်ချက်တွေက အဆုံးသတ်လုနီးပါး ဖြစ်သွားခဲ့ပေမယ့်လည်း တစ်ဖက်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ title race မှာ ဆက်လက် အားပြိုင်နေရဆဲ ဖြစ်ပါတယ်။

Photo Credit : The Athletic

လီဗာပူးလ်က ပရီးမီးယားလိဂ်ပြိုင်ပွဲထဲ အာဆင်နယ် မန်စီးတီးအသင်းတို့နဲ့အတူ အမှတ်ပေး ချန်ပီယံဆုအတွက် အကြိတ်အနယ် ဖြစ်နေပြီး လုံးဝ အမှားခံမလို့ရတဲ့ အခြေအနေ ဖြစ်နေတာကြောင့် လာမယ့် ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲကိုလည်း နိုင်ပွဲရအောင် ကစားဖို့ပါ လိုအပ်နေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြကြီး ကလော့ပ်က “တကယ်ဆိုးရွှားတဲ့ စွမ်းဆောင်ရည်တစ်ခုရဲ့ ကောင်းတဲ့အချက်က ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့ အဲ့ဒီကနေ စတင်သင့်ပါတယ်။ ကစားသမားတွေလည်း ဒီရှုံးပွဲအပြီးမှာ ဘယ်သူကမှ သေချာ အိပ်စက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒါကို မေ့ထားလိုက်ဖို့ ကျွန်တော် တိုက်တွန်းခဲ့တယ်။”

Photo Credit : The Athletic

“ကစားသမားတွေလည်း အခုဆိုရင် ပဲလေ့စ်နဲ့ပွဲအတွက် အဆင်သင့် ဖြစ်နေဖို့အတွက် ပြင်ဆင်နေကြပါပြီ။ ကျွန်တော်တို့အနေနဲ့လည်း တုံ့ပြန်မှုတစ်ခုကို ပြသရပါမယ်။ ရာနှုန်းပြည့် သေချာပေါက်ကို တုံ့ပြန်ရပါမယ်။ ကျွန်တော်ရဲ့ နည်းပြဘဝမှာ ကံမကောင်းလို့ ရှုံးနိမ့်ခဲ့ရတာလည်း ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ တုံ့ပြန်မှုတစ်ခုကို ပြသသွားရပါလိမ့်မယ်။ အဲ့ဒီအတွက်လည်း ကျွန်တော် ကတိပေးနိုင်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးလ်က ပဲလေ့စ်နဲ့ပွဲမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အာနိုး ဂျိုတာ အယ်လီဆန်တို့က အပြည့်အဝ ပါဝင်ကစားနိုင်ဖွယ် ရှိနေပြီး ဒါကလည်း လီဗာပူးလ်အသင်းအတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။