ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က သူတို့အသင်းဟာ ယနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပေမယ့် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပြန်လာခဲ့မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ လီဗာပူးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ တက်လှမ်းလာခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ တိုက်စစ် ကစားသမားတွေရဲ့ အခွင့်အရေးတွေကို အပိုင် အသုံးမချနိုင်မှု ၊ ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ကို စနစ်တကျ ကစားနိုင်မှုတို့ကြောင့် လိုအပ်နေတဲ့ သွင်းဂိုးတွေ မရခဲ့ပဲ ဗင်နီးစီးယပ်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ရီးရဲလ်မက်ဒရစ်ကို အရှုံးပေးခဲ့ရတာပါ။

Photo Credit: Express

ဗိုလ်လုပွဲစဉ်မှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ထက် ခြေစွမ်းပိုင်း သိသိသာသာ ပိုကောင်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်လာဘ် ၊ ဂိုးသမား ကော်တွိုက်စ်ရဲ့ အကောင်းမွန်ဆုံး လက်စွမ်းတွေကြောင့်ပဲ အကောင်းဆုံး အရှုံးသမားဘွဲ့ ခံယူခဲ့ရကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာတော့ လီဗာပူးနည်းပြ ကလော့ပ်က သူတို့ဟာ ပွဲကောင်း တပွဲကို ကစားနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတာကြောင့် ပြီးပြည့်စုံတဲ့ ပွဲတပွဲ မဖြစ်ခဲ့ပဲ လာမယ့် ဘောလုံးရာသီမှာလည်း သူတို့အသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပြန်လာခဲ့မယ်လို့ ဆိုလာပါတယ်။

Photo Credit: Express

ကလော့ပ်က – “ကျွန်တော့်ရဲ့ ကောင်လေးတွေက ဒီပွဲမှာ အနိုင်ရအောင် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း ကျွန်တော်တို့က ကိုယ်လိုချင်တဲ့ ကစားပုံအတိုင်း ကစားနိုင်ခဲ့ကြပါတယ်။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကွင်းလယ်လူတွေက တဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ကြောက်ရွံ့တာကြောင့် အရှေ့ကို သိပ်မတက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပထမပိုင်းအပြီးမှာ ကျွန်တော်တို့က အသင်းရဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ခဲ့ကြပြီး ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ ခြေစွမ်းတရပ်ကို ပြသနိုင်ခဲ့ပါတယ်။ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့လို့ ဒီပွဲက ပြီးပြည့်စုံတဲ့ ပွဲတပွဲ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာကိုက အောင်မြင်မှု တခုပါပဲ။ ကျွန်တော်တို့ လိုချင်နေတဲ့ ဆုဖလား မရခဲ့တာတောင်ပေါ့။ ကျွန်တော်တို့တွေ ဗိုလ်လုပွဲဆီ နောက်ထပ် တကြိမ် တက်လှမ်းနိုင်မယ် ဆိုတဲ့ ယုံကြည်မှုမျိုး ရနေပါသေးတယ်။ ကျွန်တော့်ရဲ့ ကောင်လေးတွေက အရမ်းကို ပြိုင်ဆိုင်လိုစိတ် များသလို အတော်လေး ကောင်းမွန်တဲ့ စုဖွဲ့မှု တရပ်လည်း ရှိပါတယ်။ လာမယ့်ရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဘယ်နိုင်ငံမှာ ကျင်းပမလဲ။ အစ္စတန်ဘူလ်လား။ ဒါဆို ကျွန်တော်တို့အတွက် ဟိုတယ် ဘွတ်ကင် လုပ်ထားပေးပါ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။