လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ်က ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းနဲ့ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် သူတို့အသင်းဟာ လာမယ့်ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်ခြင်း မရှိကြောင်း ဝန်ခံစကား ဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ နှစ်များစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာတော့ အဓိက ခံစစ်မှူးတွေဖြစ်တဲ့ ဗာဂျယ်ဗန်ဒိုက် ၊ ဂိုမက်စ်တို့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိကာ ကာလရှည် အနားယူရမှုတွေကြောင့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Marca

နယူးကာဆယ်အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ နောက်ကျချေပဂိုးကြောင့် တစ်ဂိုးစီ သရေရလဒ်သာ ရရှိပြီးတဲ့နောက် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ပွဲ ကစားပြီးချိန်မှာ ရမှတ် ၅၄မှတ်သာ စုဆောင်းထားနိုင်ခဲ့ပြီး အဆင့် ၄နေရာမှာ ရှိနေတဲ့ ချယ်လ်ဆီးအသင်းနဲ့ ၄မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးအသင်း အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄နေရာ အတွင်း ဝင်ဖို့ အတွက် ခက်ခဲတဲ့ အနေအထားကို ရောက်ရှိသွားပြီး လက်ကျန်ပွဲစဉ် ၅ပွဲမှာ ရမှတ်အပြည့် စုဆောင်းနိုင်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းနိုင်မယ့် အနေအထားပါ။ ဒါကြောင့်ပဲ ဂျာဂင်ကလော့ပ်က နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ကစားခဲ့တဲ့ ခြေစွမ်းအရဆိုရင် သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ မထိုက်တန်ကြောင်း ဝန်ခံစကား ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

သူတို့အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပတ်သတ်ပြီး ကလော့ပ်က – “တကယ်လို့ ခင်ဗျားက တခုခုကို အောင်မြင်သွားတယ်ဆိုရင် အဲ့ဒါက ခင်ဗျားနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီနေ့ကစားပုံကတော့ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ထိုက်တန်မှု မရှိပါဘူး။ ကျွန်တော်တို့ဟာ လှပတဲ့ သွင်းဂိုးတဂိုးကို သွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့် ပွဲကို အဆုံးမသတ်နိုင်ခဲ့ဘူး။ ပြီးတော့ ကောင်းကောင်းလည်း မကစားနိုင်ခဲ့ပါဘူး။ တန်ပြန်တိုက်စစ် စတင်ဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ကျွန်တော်တို့ဟာ ဘောလုံးကိုသာ ထိန်းကစားခဲ့ပြီး သူတို့ကို ပြေးလွှားအောင်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို ပွဲအတွင်းမှာ ဆက်လက် ရှိနေဖို့ ခွင့်ပြုခဲ့ပြီး သူတို့ဟာ ရရှိသွားတဲ့ သွင်းဂိုးနဲ့ ထိုက်တန်မှု ရှိပါတယ်။ သူတို့က ချေပဂိုး မရခင်မှာလည်း သွင်းဂိုးတဂိုး သွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒါက လက်ထိဘော ဖြစ်သွားတာကြောင့် ဝီလ်ဆင်အတွက်တော့ ကံမကောင်းခဲ့ဘူးပေါ့။ ကျွန်တော်တို့ကတော့ ဒီလို ရလဒ်ကို လက်မခံနိုင်ပါဘူး။ ဘာ့ကြောင့် ဒီလိုမျိုး ဖြစ်နေရလဲ ဆိုတာကိုလည်း ကျွန်တော် မသိပါဘူး” လို့ ပြောကြား သွားခဲ့တာပါ။