ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ရာသီဝက်ကာလ ပြီးဆုံးချိန်မှာ သူတို့အသင်းက အဆင့်၁နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၈မှတ် အထိ ကွာဟနေခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲဟာ မပြီးဆုံးသေးကြောင်း ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆု ပြန်လည် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ဂျာဂင်ကလော့ပ်ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကို ယှဉ်ပြိုင်နိုင်တဲ့ နည်းပြတဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရပြီး သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကလည်း အတော်လေးကို ပြင်းထန်ပါတယ်။

Photo Credit: BBC

ဒါကြောင့်ပဲ ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ့် အသင်းတွေ အဖြစ် မန်ချက်စတာ စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့က ထိပ်ဆုံးကနေ ရေပန်းစားခဲ့ကြတာ ဖြစ်ပြီး ယခုအချိန်မှာတော့ မန်ချက်စတာ စီးတီးအသင်းက လီဗာပူးအသင်းကို ရမှတ် ၈မှတ် အထိ ဖြတ်တောက်ထားနိုင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ အဆင့်၂ ၊ အဆင့်၃ နေရာတွေမှာ ရှိနေတဲ့ လီဗာပူးအသင်း ၊ ချယ်လ်ဆီးအသင်းတို့ဟာ ရမှတ် ၈မှတ် အထိ ကွာဟနေတာကြောင့် ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲဟာ ပြီးဆုံးသွားပြီလို့ သုံးသပ်သူတွေ ရှိလာပေမယ့် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ် ကတော့ အဆိုပါ သုံးသပ်မှုတွေကို ပယ်ချသွားခဲ့ကာ ချန်ပီယံလုပွဲက မပြီးဆုံးသေးကြောင်း မန်ချက်စတာ စီးတီးအသင်းနဲ့ ဂွာဒီယိုလာကို သတိပေးခဲ့ပါတယ်။

Photo Credit: BBC

ကလော့ပ်က – “မန်ချက်စတာ စီးတီးအသင်းရဲ့ ခြေစွမ်းက အတော်လေးကို ကောင်းမွန်နေတာပါ။ သူတို့က အမြင့်ပျံ ကာလတခုကို ရောက်ရှိနေတယ်။ လက်စတာနဲ့ ပွဲစဉ်မတိုင်ခင်မှာ ကျွန်တော်တို့က သူတို့နဲ့ ရမှတ် ၃မှတ်သာ ကွာဟသေးပြီး သူတို့ကို ဖိအားပေးနိုင်စွမ်း ရှိခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့အသင်း အနေနဲ့ ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ထိန်းသိမ်းနိုင်ဖို့ အခက်အခဲ တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ချယ်လ်ဆီးအသင်း ၊ နှစ်သင်းထဲက တသင်းကတော့ မန်ချက်စတာ စီးတီးအသင်းကို ဖိအားတွေ ဆက်ပြီး ပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ပွဲမှာ အနိုင်ရရှိတဲ့ အသင်းက မန်ချက်စတာ စီးတီးအသင်းကို ဆက်လက် ဖိအားပေးနိုင်စွမ်း ရှိမှာ ဖြစ်ပြီး ရှုံးသွားတဲ့ အသင်းရဲ့ အခြေအနေကိုတော့ မပြောတတ်ပါဘူး။ လက်စတာနဲ့ပွဲမှာ ရှုံးခဲ့ပေမယ့် ကျွန်တော်တို့ကတော့ ချန်ပီယံဆု အတွက် လက်လျော့ဖို့ မစဉ်းစားထားပါဘူး။ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်အောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမယ်။ ကစားရမယ့်ပွဲတွေက အများကြီး ကျန်ပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပါ။