အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းကြီးတစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ကွင်းလယ် ကစားသမား ဂျော်ဂျီနီရို ဝိုင်နယ်ဒန်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်ရှိတော့တာကြောင့် လာမယ့် ဇန်နဝါရီလက စတင်ပြီးတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထံ အလွတ်ပြောင်းရွှေ့ဖို့ အတွက် စတင် ဆွေးနွေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး နည်းပြ ဂျာဂျန်ကလော့ပ် ကတော့ သူ့ရဲ့ ကစားသမား ဝိုင်နယ်ဒန် ကို စာချုပ်သက်တမ်းတိုးဖို့ အတွက် အခုချိန်ထိ မျှော်လင့်နေသေးကြောင်း သိရပါတယ်။ ဝိုင်နယ်ဒန်ဟာ လီဗာပူး အသင်းထံ ၂၀၁၆ ခုနှစ်မှာ နယူးကာဆယ် အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဝိုင်နယ်ဒန် အနေနဲ့ ‌စတင်ပြောင်းရွှေ့လာတဲ့ အချိန်က စတင်ပြီး လီဗာပူး အသင်းအတွက် အကောင်း‌ဆုံး ကစားပေးခဲ့တဲ့ ကွင်းလယ် ကစားသမား တစ်ဦးပါ။ ဒါပေမယ့်လည်း ဝိုင်နယ်ဒန်နဲ့ လီဗာပူး အကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ကစားသမားအနေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အချိန်ကျရင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပုံတော့ ရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်း ကတော့ ဝိုင်နယ်ဒန် ကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းက စိတ်ဝင်စားမှုတွေ ရှိခဲ့ပြီး ဘာစီလိုနာ အသင်းနည်းပြ ရော်နယ်ကိုးမန်း နဲ့ ဝိုင်နယ်ဒန် အကြား နိုင်ငံအသင်းမှာ ဆက်ဆံရေးကလည်း ပြေလည်မှု ရှိတာကြောင့် အကယ်၍ ဝိုင်နယ်ဒန် သာ အသင်းက ထွက်ခွာဖြစ်ခဲ့ရင် ဘာစီလိုနာကို ရောက်ရှိဖို့ ရာခိုင်နှုန်း‌ကတော့ များနေတယ်လို့ ဆိုရပါမယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဝုဗ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ဝိုင်နယ်ဒန် သာ အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါ ပွဲစဉ်အပြီးမှာတော့ လီဗာပူး နည်းပြ ကလော့ပ် ကတော့ သူ့အနေနဲ့ ဝိုင်နယ်ဒန် အသင်းမှာ ဆက်ရှိနေဖို့ အတွက် လက်လျှော့သွားမှာ မဟုတ်ကြောင်းနဲ့ ဝိုင်နယ်ဒန် အနေနဲ့ စာချုပ်အသစ်မှာ လက်မှတ်ထိုးလိမ့်မယ်လို့ မျှော်လင့်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။ “ အမှန်တိုင်းပြောရရင်၊ ကျွန်တော် မျှော်လင့်တာပေါ့။ ခင်ဗျား အနေနဲ့ သူကစားနေတာကို တစ်ချိန်လုံးမြင်ခဲ့ရတယ်၊ သူ အသင်းကို ရောက်လာတဲ့ အချိန်ကစပြီး သူ အကောင်းဆုံး ကစားပေးခဲ့တယ်။ ကျွန်တော်တို့ မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော် မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဝိုင်နယ်ဒန် ကို စာချုပ်သက်တမ်းတိုးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ အခါမှာတော့ “ အရင် အင်တာဗျူးတုန်းကလည်း ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ကျွန်တော့်ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ‌ ပြောမှာ မဟုတ်ပါဘူး။ ကစားပွဲတွေ၊ စွမ်းဆောင်ရည်တွေ နဲ့ ဘောလုံး အကြောင်းပဲ ကျွန်တော် ပြောပါမယ်။ အသင်း အနေနဲ့ ကျွန်တော့်ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ကို တစ်ခုခု ပြောသင့်တယ် ” လို့ ပြောဆိုခဲ့ပါတယ်။