ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် သူတို့အသင်းဟာ ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ပရိသတ်တွေကို အသိပေးစကား ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတို့မှာလည်း ဒုတိယနေရာတွေ ရခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်မယ့် အသင်း အဖြစ် ရေပန်းစားနေခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Express

အထူးသဖြင့် လီဗာပူးရဲ့ ကွင်းလယ်ပိုင်းဟာ သူတို့အသင်းရဲ့ အားအနည်းဆုံး နေရာလို့ ပြောလို့ရပြီး လီဗာပူးက တိုက်စစ်နဲ့ ခံစစ်ပိုင်းမှာ ကမ္ဘာ့အဆင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ကွင်းလယ်ပိုင်းမှာတော့ သီယာဂို အယ်ကန်တာရာ တဦးထဲကသာ ကမ္ဘာ့အဆင့် ကစားသမား အဖြစ် ရှိနေသလို သီယာဂို အယ်ကန်တာရာကလည်း ကြံ့ခိုင်မှု အားနည်းချက် ရှိနေတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးဟာ သီယာဂို အယ်ကန်တာရာ တယောက် ဒဏ်ရာရသွားပြီးနောက် အသက်အရွယ်အရ အကျပိုင်း ရောက်လာတဲ့ ဟန်ဒါဆန် ၊ မီလ်နာ စတဲ့ ကွင်းလယ်လူတွေကို အဓိကထား အသုံးပြုနေရပြီး ယခုအချိန်မှာတော့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်က သူတို့ဟာ ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ အတွက် ကြိုးစားနေပြီ ဖြစ်ကြောင်း နယူးကာဆယ်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ကလော့ပ်က – “ကျွန်တော်တို့က ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ကျွန်တော်က ကွင်းလယ်လူသစ် တဦး ထပ်ခေါ်ဖို့ မလိုအပ်ဘူးလို့ ပြောမိခဲ့ပေမယ့် အခုချိန်မှာတော့ ခင်ဗျားတို့တွေရဲ့ ထောက်ပြချက်တွေ မှန်ကန်တာနဲ့ ကျွန်တော် မှားသွားတာကို သိသွားပါပြီ။ အခုတော့ ကျွန်တော်တို့က ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေပါပြီ။ ကျွန်တော်တို့က ကစားသမားသစ် ခေါ်ဖို့ ကြိုးစားနေပေမယ့် မှန်ကန်တဲ့ ကစားသမားမျိုး ဖြစ်ဖို့ လိုအပ်နေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။