လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ဟာ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘာပေကို အသင်းထံ ခေါ်ယူဖို့ အတွက် စိတ်ကူးနေဆဲ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အမ်ဘာပေဟာ ပြင်သစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်သလို အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်လှတဲ့ ခြေစွမ်းတို့ကြောင့် လာမယ့်နှစ် အနည်းငယ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိမယ့် ကစားသမား တစ်ဦးအဖြစ် ဘောလုံး သုတေသီတွေ ရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ တစ်ဦးပါ။

Photo Credit: Goal

လက်ရှိမှာ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ ပျော်ရွှင်နေကြောင်း ပြောထားပေမယ့် လာမယ့် နွေစျေးကွက်မှာ သူ့ကို ခေါ်ယူဖို့ ကြိုးစားမယ့် အသင်းတွေဟာ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်း အစားဆုံး ဖြစ်နေပြီး ဒုတိယနေရာ မှာတော့ ဂျူဗင်တပ်အသင်းက ရှိနေပါတယ်။ ဒါပေမယ့် ပြင်သစ် အခြေစိုက် သတင်းဌာနတွေ ကတော့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ဟာ အမ်ဘာပေ ၊ အမ်ဘာပေရဲ့ ဖခင်ဖြစ်သူတို့နဲ့ အဆက်မပြတ် စကားပြောဆို နေသလို လီဗာပူးအသင်းထံ ပြောင်းလာဖို့ အမ်ဘာပေကို စည်းရုံးနေတယ် လို့ ဖော်ပြ ထားကြပါတယ်။

Photo Credit: Goal

လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး အထူးသဖြင့် အသင်းကနေ ထွက်ခွာမယ် လို့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး မာနေးရဲ့ နေရာအတွက် အစားထိုးမှုအဖြစ် အမ်ဘာပေကို ခေါ်ယူဖို့ ပြင်ဆင် ထားတာ ဖြစ်ကြောင်း လီဗာပူးအသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။ အမ်ဘာပေဟာ တစ်ချိန်က ကလော့ပ်ရဲ့ လက်အောက်မှာ ကစားချင်ကြောင်း ဝန်ခံ ပြောကြား ခဲ့ဖူးတာကြောင့် အမ်ဘာပေ တစ်ယောက် လီဗာပူးအသင်းထံ ရောက်လာမလား ဆိုတာက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒါပေမယ့် လီဗာပူးအသင်း အနေနဲ့ အမ်ဘာပေကို ခေါ်ယူရာမှာ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၂၅ဝသန်း လောက် သုံးစွဲရဖွယ် ရှိနေပါတယ်။