လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ကတော့ လက်ရှိဘောလုံးရာသီကို ပြီးဆုံးအောင် မယှဉ်ပြိုင်ပဲ သူတို့အသင်းကို ပရီးမီးယားလိဂ် ဖလား မပေးအပ်ရင်တော့ ဒါဟာ မမျှတမှုတစ်ခုပဲလို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ လီဗာပူး အသင်းအနေနဲ့ အင်္ဂလန် ပြည်တွင်းလိဂ်ရဲ့ အဆင့်အမြင့်ဆုံးဖလားကို ရယူနိုင်ခြင်း မရှိတာဟာ နှစ်ပေါင်း ၃၀ ရှိနေပြီ ဖြစ်ပြီး လက်ရှိ ဘောလုံး ရာသီမှာတော့ ချန်ပီယံအသင်းတစ်သင်းရဲ့ ခြေစွမ်းမျိုး ပြသထားနိုင်ခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ တစ်ရာသီလုံး ရပ်တည်နေခဲ့ပြီး ဒုတိယနေရာက မန်စီးတီး အသင်းကို ရမှတ် ၂၅မှတ်အထိ ဖြတ်ထားနိုင်တဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

ဒါပေမယ့် တရုတ်နိုင်ငံကနေ စတင် ပျံ့နှံ့လာတဲ့ Covid-19 ကူးစက်ရောဂါကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ်လကတည်းက ရပ်နားထားခဲ့ပြီး ပြန်လည် ကျင်းပဖို့အတွက် မရေမရာ ဖြစ်နေတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် ကျင်းပဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေခဲ့ပြီး အချို့သော အသင်းများကတော့ ပြန်လည် ကျင်းပမယ့် အစီအစဉ်ကို ကန့်ကွက် နေကြပါတယ်။ ဒါ့ကြောင့်လည်း DFB Academy နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကလော့ပ်က လက်ရှိ ဘောလုံးရာသီမှာသာ လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလားကို မရရင် ဒါဟာ မမျှတမှုတစ်ခုပဲလို့ အတိအလင်း ပြောဆိုသွားခဲ့တာပါ။

Photo Credit: Standard.com

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် စတင်ဖို့ လုပ်ဆောင်သင့်ကြောင်းကို ကလော့ပ်က ” အခုချိန်အထိ လက်ရှိဘောလုံးရာသီကို ပယ်ဖျက်ဖို့ အလိုရှိနေကြတဲ့ လူတွေ ရှိတုန်းပါပဲ။ အဲ့ဒီလူတွေရဲ့ အတွေးတွေက ဘာလဲ။ ကျွန်တော်တို့က ဒီရာသီရဲ့ ၇၆ရာခိုင်နှုန်းလောက် ပွဲစဉ်တွေကို ကစားပြီးပါပြီ။ ဒါကိုတောင် သူတို့က ရာသီ ဖျက်သိမ်းတာ မြင်ချင်နေကြတာလား။ တကယ် သာ လက်ရှိဘောလုံးရာသီကို ဖျက်သိမ်းရင် ဒါဟာ မမျှတမှုတစ်ခုလို့ ကျွန်တော် ခံစားရမှာပါ။ အဲ့ဒီအရာတွေ မဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အိမ်ကွင်းရလဒ်တွေကိုပဲ ကြည့်ကြည့် အဝေးကွင်းရလဒ်တွေကိုပဲ ကြည့်ကြည့် ကျွန်တော်တို့အသင်းဟာ ထိပ်ဆုံးမှာ ရှိနေတဲ့အသင်းပါ။ ဒီတော့ ကျွန်တော်တို့ ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံအသင်း ဖြစ်သင့်ပါတယ် ” လို့ ပြောဆိုသွားခဲ့တာပါ။