လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူး အသင်း ရဲ့  နည်းပြဖြစ်သူ ကလော့ပ် ကတော့ ဂျိုတာ အင်္ဂလန် ကို စရောက်တဲ့ အချိန်ကတည်းက သူ့ရဲ့ အသင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ တိုက်စစ် ကစားသမား ဒီရိုဂို ဂျိုတာ အင်္ဂလန်မြေကို ရောက်ရှိလာအပြီး ဝုဗ်အသင်း အတွက် တစ်ပွဲ ကစားပေးပြီးတဲ့ နောက်မှာပဲ ဂျိုတာရဲ့ ခြေစွမ်းပိုင်း ကို သတိထားမိပြီးတော့ အဲ့ဒီချိန်ကတည်းက ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်တယ်လို့ နည်းပြ ကလော့ပ် က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Photo Credit: Express

ယခု လက်ရှိ လီဗာပူးအသင်းရဲ့ တိုက်စစ် ကစားသမား ဂျိုတာဟာ အက်သလက်တီကို မက်ဒရစ် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပြီးတဲ့နောက်မှာတော့ ဝုဗ် အသင်း ကို ၂၀၁၇ နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောက်ရှိလာခဲ့ပါတယ်။ ဂျိုတာ အင်္ဂလန်မြေကို စနင်းတဲ့ အချိန်က အသက်အရွယ်အားဖြင့် ၂၃ နှစ် သာ ရှိပါသေးတယ်။ ဂျိုတာဟာ ဝုဗ် အသင်း နဲ့ အတူ သူ့ရဲ့ ပွဲဦးထွက် ရာသီမှာပဲ ပြိုင်ပွဲစုံ ၁၈ ဂိုးအထိ သွင်းယူကာ ပရီးမီးယားလိဂ်မှာ ချက်ခြင်းပဲ ခြေစွမ်းပိုင်း တိုးတက်လာခဲ့ပါတယ်။ ဂျိုတာ ရဲ့ ခြေစွမ်းပိုင်းတွေ ကို လီဗာပူးအသင်း တာဝန်ရှိသူတွေက စတင် သတိထားလာမိပြီးတော့ ယခုနှစ် စက်တင်ဘာလမှာပဲ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း နဲ့ ကမ်းလှမ်း ခေါ်ယူနိုင်ခဲ့ပါတယ်။ ဂျိုတာ ဟာ လီဗာပူး အသင်းမှာလည်း ခြေစွမ်းပိုင်းက ကျသွားခြင်း မရှိခဲ့ပဲ အသင်း အတွက် ၁၄ ပွဲကစား ပေးထားပြီး သွင်းဂိုး ၉ ဂိုး အထိ သွင်းယူနိုင်တဲ့ အထိ ခြေစွမ်းပိုင်းက အားရစရာ အခြေအနေမှာ ရှိနေခဲ့ပါတယ်။

Photo Credit: Express

နည်းပြ ကလော့ပ် ကတော့ သူ့ အနေနဲ့ ဂျိုတာ ရဲ့ ခြေစွမ်းကို လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သတိထားမိခဲ့တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ “ အမှန်တိုင်း ပြောရရင်၊ ကျွန်တော် ဒီရိုဂို ဂျိုတာ ကို ဝုဗ် အသင်း အတွက် ကစားပေးတဲ့ ပထမဆုံး ပွဲစဉ်မှာကတည်းက ကြိုက်ခဲ့တာပါ။ သူက အဲ့ဒီ အကြောင်း နဲ့ ပတ်သက်ပြီးတော့ မသိခဲ့ပါဘူး။ ဒါပေမယ့် သူက ခြေစွမ်းပိုင်းမှာ အများကြီး တိုးတက်လာဖို့ ရှိနေသေးတဲ့ ကစားသမားဆိုတာကို ကျွန်တော့် စိတ်ထဲက ရှင်းရှင်းလင်းလင်းကို သိနေခဲ့ပါတယ်။ သူ့ရဲ့ ကစားသမား ဘဝ၊ သူလုပ်ခဲ့တဲ့ အရာတွေ၊ သူ ဘယ်ကလာတယ်၊ သူ လုပ်ခဲ့တဲ့ အပြောင်းအရွှေ့တွေက စိတ်ဝင်စားဖို့ ကောင်းပြီးတော့ စိတ်လှုပ်ရှားစရာပါပဲ။ သူပြသခဲ့တဲ့ စည်းကမ်းတွေ၊ ဖန်တီးနိုင်စွမ်းတွေ၊ ဘောလုံးနဲ့ ပတ်သက်ရင် လိုအင်ဆန္ဒတွေ ကို ကျွန်တော် သဘောကျပါတယ်။ သူ့ရဲ့ ခြေစွမ်းပိုင်းကလည်း ဘယ်နည်းနဲ့မဆို အတော်လေးကောင်းပါတယ်။ ဒါ့ကြောင့်မို့ လီ‌ဗာပူး အနေနဲ့ သူ့ကို မခေါ်ယူခင်ကတည်းက ကျွန်တော့်မှာ သူနဲ့ ပတ်သက်ပြီး ကောင်းတဲ့ နမိတ်တွေ အများကြီး ရခဲ့တယ်လို့ ဆိုရပါမယ် ” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။