ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလာတို့ကို အာဖရိက ဖလားပြိုင်ပွဲဆီ စေလွှတ်ခဲ့ရတာကြောင့် အားနည်းသွားမယ့် တိုက်စစ်ပိုင်း အတွက် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား အီဒင် ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အာဖရိကတိုက်ရဲ့ နိုင်ငံစုံ ဖလားပြိုင်ပွဲ တဖြစ်လဲ AFCONကို ယခုလ ၉ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၇ရက်နေ့ အထိ တလနီးပါး ကြာအောင် ကျင်းပဖို့ ရှိနေပြီး လီဗာပူးအသင်းဟာ အဆိုပါ ဖလားပြိုင်ပွဲဆီ ဆာလာ ၊ မာနေး ၊ နာဘီကီတာ ၊ မာတစ် စတဲ့ အသင်းရဲ့ အဓိက ကစားသမားတွေကို စေလွှတ်ထားရပါတယ်။

Photo Credit: Sportskeeda

လီဗာပူးအသင်းဟာ ကွင်းလယ်လူ နာဘီကီတာနဲ့ နောက်ခံလူ မာတစ်တို့ရဲ့ နေရာတွေကို အရန်သင့် အစားထိုးနိုင်မယ့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူး နှစ်ဦး အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ ဆာလာနဲ့ မာနေးတို့ရဲ့ ကွက်လပ်ကို ဖြည့်တင်းဖို့ ခက်ခဲနေပြီး မာနေးနဲ့ ဆာလာတို့ မရှိချိန်မှာ တိုက်စစ်ပိုင်းက ရွေးချယ်စရာ မကျန်တော့ပဲ ဖာမီနို ၊ အော်ရီဂီနဲ့ ဂျိုတာတို့ အတွဲကိုသာ အသုံးပြုရဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ဟာ တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံရဖူးတဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် အီဒင် ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဟာဇက်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit: Sportskeeda

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျာဂင် ကလော့ပ်က ဆာလာ ၊ မာနေးတို့ မရှိတဲ့ အချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ဖို့ အတွက် ဟာဇက်ကို ခပ်မြန်မြန် ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပြီး လီဗာပူးအသင်းရဲ့ တာဝန်ရှိသူတွေ ကတော့ ဟာဇက်ကို ခေါ်ယူဖို့ အနည်းငယ် တွန့်ဆုတ်နေကြောင်း သိရပါတယ်။

အသက် ၃၀အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် အီဒင် ဟာဇက်ဟာ တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် လက်ရှိမှာတော့ ဒဏ်ရာတွေကြောင့် ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ရီးရဲလ်မက်ဒရစ် အသင်းက ဟာဇက် အတွက် ယူရို ၃၀သန်း ပေးချေမယ့် အသင်း ရှိနေရင် ဟာဇက်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။