ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က လာမယ့် တနင်္လာနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ဆန္ဒပြကြလို့ ပွဲပျက်သွားခဲ့ရင် သူတို့အသင်းကို အနိုင် ၃မှတ် ပေးသင့်ကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ နှစ်သင်းစလုံးဟာ ယခုနှစ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က အဖွင့်ပွဲ ၂ပွဲစလုံးမှာ ရှုံးနိမ့်ထားသလို လီဗာပူးကလည်း အဖွင့်ပွဲ ၂ပွဲစလုံးမှာ သရေရလဒ်သာ ရရှိထားပါတယ်။

Photo Credit: Metro

ဒါကြောင့် လာမယ့် တနင်္လာနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် ဂုဏ်သိက္ခာပိုင်းအရရော ၊ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့ အတွက်ပါ အရေးပါတဲ့ ပွဲစဉ် တပွဲ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ အဆိုပါပွဲစဉ်မှာ အသင်းရဲ့ ပိုင်ရှင် ဂလေဇာမိသားစုကို အကြီးအကျယ် ဆန္ဒပြဖို့ ပြင်ဆင်နေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက အသင်းပိုင်ရှင် ဂလေဇာမိသားစုရဲ့ အသင်းအတွက် ရင်းနှီးမြှုပ်နှံမှု နည်းပါးတဲ့ အချက်ကို သဘောမကျတာကြောင့် လီဗာပူးနဲ့ပွဲစဉ်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားကြပြီး အဆိုပါ ဆန္ဒပြပွဲတွေကြောင့် ပွဲပျက်သွားနိုင်တဲ့ အနေအထားတွေလည်း ရှိနေပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ လီဗာပူးနဲ့ သက်ဆိုင်သူတွေက မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ ဆန္ဒပြမှုကြောင့် ပွဲပျက်သွားမှာကို စိုးရိမ်နေကြပြီး လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ ဆန္ဒပြပွဲတွေကြောင့် ပွဲကစားဖို့ မဖြစ်နိုင်တော့ရင် သူတို့အသင်းဟာ ကွင်းထဲကို ဝင်ရောက် ကစားဖို့ထက် အိမ်ပြန်ဖို့သာ စဉ်းစားထားကာ အကယ်၍ ပွဲပျက်သွားခဲ့ရင် သူတို့အသင်းကို အနိုင် ၃မှတ် ပေးသင့်ကြောင်း ပွဲကြို အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်က – “တကယ်လို့ ဆန္ဒပြပွဲတွေ ဖြစ်လို့ ပွဲကစားဖို့ မဖြစ်နိုင်တော့ရင် ကျွန်တော်တို့က ဘက်စ်ကားပေါ် ပြန်တက်ပြီး အိမ်ပြန်သွားမှာပါ။ ကျွန်တော်က ဆန္ဒပြပွဲတွေကြောင့် ပွဲမပျက်သွားဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် တကယ်လို့သာ ပွဲပျက်သွားမယ် ဆိုရင် ကျွန်တော်တို့ကို ရမှတ် ၃မှတ် ပေးသင့်ပါတယ်။ ကျွန်တော်တို့က သူတို့အသင်းရဲ့ အခြေအနေတွေနဲ့ မဆိုင်ဘူးလေ။ တကယ်လို့ ပရိသတ်တွေကသာ ဒီပွဲကို ပျက်သွားစေချင်ရင် ကျွန်တော်တို့က ဒီနှစ်လိုမျိုး ပွဲကျပ်တဲ့ ကာလာမှာ ပွဲကို ရွှေ့ဆိုင်းပြီး ကန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။