ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၃-၀ ဗီလာ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရသွားတဲ့ နောက်ခံလူ အာနိုးလ်ရဲ့ ဒဏ်ရာဟာ စိုးရိမ်စရာ ဒဏ်ရာတခု မဟုတ်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၄) အဖြစ် ဗီလာကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ လီဗာပူးနည်းပြချုပ် ကလော့ပ်က ဆာလာ ၊ နူနက်ဇ်နဲ့ ဒီယက်ဇ်တို့အား တိုက်စစ်ကို ဦးဆောင်စေခဲ့ကာ အယ်လစ္စတာ ၊ ဆိုဘော့ဇလိုင်းနဲ့ ကာတစ်ဂျုံးစ်တို့ကို ကွင်းလယ်မှာ တွဲဖက်ပေးခဲ့ပြီး အာနိုးလ် ၊ မာတစ် ၊ ဂိုးမက်ဇ် ၊ ရော်ဘတ်ဆန်တို့နဲ့ ခံစစ်ကို တည်ဆောက်ခဲ့ပါတယ်။

Photo Credit: Goal

 

လီဗာပူးနဲ့ ဗီလာတို့ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပေမယ့် ပွဲအစ ၃မိနစ်မှာပဲ ဆိုဘော့ဇလိုင်းက အာနိုးလ်ရဲ့ တိကျတဲ့ ထောင့်ကန်ဘော ပေးပို့မှု ကနေ လီဗာပူးအတွက် အဖွင့်ဂိုးကို စတင် သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး ရရှိပြီးနောက် လီဗာပူးကပဲ ပွဲကို ဆက်လက် စိုးမိုးထားနိုင်ပြီး ပွဲချိန် ၂၂မိနစ်မှာ နူနက်ဇ်ရဲ့ ကန်ချက်က ဗီလာနောက်ခံလူ မတ်တီ ကတ်ရှ်နဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားရင်း လီဗာပူးတို့ ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ ရရှိခဲ့ပါတယ်။

၂-၀ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် ဗီလာက တိုက်စစ်ဆင်ကာ ချေပဂိုးတွေ ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးရဲ့ ကစားပုံကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် လီဗာပူးကသာ ပွဲကို ဆက်လက် စိုးမိုးထားနိုင်ပြီး ပွဲချိန် ၅၅မိနစ်မှာတော့ နူနက်ဇ်ရဲ့ ခေါင်းတိုက်ချပေးမှု ကနေ ဆာလာက လီဗာပူးအတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: 90 Mins

လီဗာပူး ၃-၀ ဗီလာ ပွဲစဉ်မှာ လီဗာပူးအတွက် အရာအားလုံး အဆင်ပြေခဲ့ပေမယ့် ပွဲချိန် မိနစ် ၇၀ ဝန်းကျင်မှာတော့ ခြေစွမ်းပြနေတဲ့ နောက်ခံလူ အာနိုးလ် တယောက် တံကောက်ကြော နာလာတာကြောင့် အသင်းဖော် ကွမ်ဆက်နဲ့ လူစားလဲခံခဲ့ရပြီး လီဗာပူးပရိသတ်တွေက အာနိုးလ် တယောက် တံကောက်ကြောဒဏ်ရာကြောင့် အနားယူရမှာကို စိုးရိမ်နေကြပါတယ်။

ပွဲပြီးချိန်မှာတော့ လီဗာပူးနည်းပြ ကလော့ပ်က အာနိုးလ် တယောက် တံကောက်ကြော နာနေတာကြောင့် လူစားလဲခဲ့တာသာ ဖြစ်ကြောင်းနဲ့ အာနိုးလ်ဟာ တံကောက်ကြောဒဏ်ရာ ရဖို့ အခွင့်အလမ်း နည်းပါးကြောင်း ပြောရင်း အာနိုးလ်အတွက် စိုးရိမ်နေကြတဲ့ လီဗာပူးပရိသတ်တွေကို သတင်းကောင်း ပါးသွားခဲ့ပါတယ်။ ကလော့ပ်က – “ကျွန်တော်လည်း သူ့ရဲ့ ဒဏ်ရာအကြောင်းကို စိတ်ဝင်စားနေတာဗျ။ သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး အတိအကျ မသိရသေးပါဘူး။ အာနိုးလ်ကတော့ သူ့ရဲ့ ဒဏ်ရာက မစိုးရိမ်ရဘူးလို့ ပြောပါတယ်။ သေချာသိရအောင် ကျွန်တော်တို့တွေ စမ်းသပ်မှု ရလဒ်တွေကို ကြည့်ဖို့ လိုပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။