ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ လတ်တလောမှာ ကမ္ဘာကြီးတခုလုံးကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းကို လျှော့ချဖို့ အတွက် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်တဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကို မလုပ်ဆောင်ထားတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ဆိုရင် နှစ်ခါပြန်လောက် စဉ်းစားဖို့ လိုမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

၂၀၁၉ခုနှစ်မှ စတင်ကာ ကမ္ဘာကြီးတခုလုံးကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ယခုချိန် အထိ မျိုးကွဲပေါင်း များစွာနဲ့ ဆက်လက် ကူးစက် ပျံ့နှံ့နေဆဲ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို အမြစ်ဖြတ်နိုင်မယ့် ထိုးဆေး ၊ သောက်ဆေးတွေလည်း မပေါ်သေးပါဘူး။

Photo Credit: Daily Mail

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက် ပျံ့နှံ့မှုနှုန်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးမှုနှုန်းကို တားဆီးနိုင်မယ့် တခုထဲသော နည်းလမ်းဟာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံ့မှု ဖြစ်ပေမယ့် ဘောလုံးလောကမှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ကို ငြင်းဆန်နေတဲ့ ကစားသမားတွေလည်း အများအပြား ရှိနေပါတယ်။

အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ပတ်သတ်ပြီး လုံလောက်တဲ့ သုတေသန မရှိမှုတွေ အပေါ် နာမည်ကျော် ကစားသမား အများအပြားက စိုးရိမ်နေကြတာ ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးသာ ထိုးလိုက်ရင် သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့ အယူအဆကို စွဲကိုင်သူတွေလည်း ရှိပါတယ်။

Photo Credit: Daily Mail

ဒါပေမယ့် လက်ရှိမှာတော့ ဘောလုံးလောက အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာပြီး လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ လူတိုင်း လူတိုင်း ကိုဗစ်ကာကွယ်ဆေးကို ထိုးသင့်သလို ကိုဗစ်ကာကွယ်ဆေး မထိုးထားတဲ့ ကစားသမားတွေကိုလည်း မခေါ်ချင်တော့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့က အခုချိန်မှာ ကစားသမားသစ် တယောက်ကို ခေါ်ယူဖို့ နီးစပ်တဲ့ အနေအထားမှာ မရှိပါဘူး။ ဒါပေမယ့် ကစားသမားသစ် ခေါ်ယူမယ့် အချိန်ကို ရောက်လာရင်တော့ ကိုဗစ်ကာကွယ်ဆေး ထိုးထားလား ၊ မထိုးထားဘူးလား ဆိုတာက ထည့်သွင်း စဉ်းစားရမယ့် အချက်တခု ဖြစ်လာပါပြီ။ တကယ်လို့ ကစားသမား တယောက်ကသာ ကိုဗစ်ကာကွယ်ဆေး မထိုးထားဘူး ဆိုရင် သူက ကျွန်တော်တို့ အတွက် အန္တရာယ်တခု ဖြစ်လာနိုင်ပါတယ်။ သူကိုယ်တိုင်က ကျွန်တော်တို့ကို အန္တရာယ် ဖြစ်စေချင်တဲ့ စိတ်မျိုး မရှိပေမယ့်လည်း သူ့ကြောင့် ကျန်တဲ့လူတွေ အားလုံး ဒုက္ခတွေ့နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးသား ကစားသမားတွေကိုပဲ သဘောကျတယ်။ ကိုဗစ်ကာကွယ်ဆေး မထိုးထားတဲ့ ကစားသမားတွေကိုတော့ ခေါ်ချင်ရင်တောင် နောက်ထပ် ၁ခေါက်လောက် ထပ်ပြီး စဉ်းစားဖို့ လိုနေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။