ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ် ကတော့ သူတို့ရဲ့ ထိပ်သီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒို ပြန်ရောက်လာတဲ့ အပေါ် မပျော်ရွှင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ အင်္ဂလန်ဒါဘီလို့ တင်စားရတဲ့ အထိ ပြိုင်ဆိုင်မှု ကြီးမားတဲ့ အသင်းနှစ်သင်း ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ အသင်းလေးသင်းထဲက နှစ်သင်းပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါကြောင့် ချန်ပီယံဆု အတွက် ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်အသင်းဆီ ရိုနယ်ဒိုလို ထိပ်တန်း တိုက်စစ်မှူး ရောက်ရှိလာတာကို ကလော့ပ်က မပျော်မရွှင် ဖြစ်နေပေမယ့် ရိုနယ်ဒိုဟာ အံ့အားသင့်စရာ ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရိုနယ်ဒို ရောက်ရှိလာမှုနဲ့ ပတ်သတ်ပြီး ကလော့ပ်က – “ ရိုနယ်ဒို မန်ယူအသင်းဆီ ရောက်လာလို့ ကျွန်တော် ပျော်ရမှာလား။ နိုး။ မပျော်ပါဘူး။ ရိုနယ်ဒိုက ထိပ်တန်း တိုက်စစ်မှူး တဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ ရောက်လာလို့ ကျွန်တော် မပျော်ပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၃၆နှစ် အရွယ် ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် လက်ရှိအထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ကာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူပေးခဲ့ပါတယ်။