လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ သူတို့အသင်းဟာ လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မရေမရာ ဖြစ်နေပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ ရအောင် ယူသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရအောင် ယူနိုင်ခဲ့ပေမယ့် လက်ရှိ ဘောလုံးရာသီမှာတော့ အဓိက နောက်ခံလူတွေရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန် ခြေစွမ်းကောင်း ပြသဖို့ ရုန်းကန်ခဲ့ရသလို အမှတ်ပေးဇယားမှာလည်း ရမှတ် ၅၄မှတ်နဲ့ ရပ်တည်နေပါတယ်။

Photo Credit: Sky Sports

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄နေရာက ချယ်လ်ဆီးအသင်းနဲ့ ရမှတ် ၄မှတ်သာ ကွာဟတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခွင့်အရေး ရှိနေသေးပေမယ့် လက်ကျန်ပွဲစဉ်တွေ အားလုံးကို နိုင်မှသာ မျှော်လင့်ခွင့် ရမှာပါ။ ယခုတပတ်မှာတော့ လီဗာပူးအသင်းဟာ ခါးသီးပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်ဟာ လီဗာပူးအသင်းရဲ့ လက်ကျန် ပွဲစဉ်တွေထဲမှာ အခက်ခဲဆုံးနဲ့ အရေးအပါဆုံး ပွဲတပွဲ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကလော့ပ်က သူတို့အသင်းဟာ ယူရိုပါလိဂ်ဖလားကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရင်လည်း အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

Photo Credit: Sky Sports

ကလော့ပ်က – “ကျွန်တော် အင်္ဂလန်ကို ရောက်ပြီးနောက်ပိုင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို တခေါက် ယှဉ်ပြိုင်ခဲ့ပြီး ကျွန်တော်တို့တွေ ဗိုလ်လုပွဲကို ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ညက မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို အလေးထား ယှဉ်ပြိုင်နေတာ တွေ့ရပါတယ်။ ဒါက ကိုယ့်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲ ၊ အခြေအနေတွေနဲ့ သက်ဆိုင်ပါသေးတယ်။ ကျွန်တော်တို့က “ဟာ ဘုရားသခင် ကျွန်တော်တို့ ဒီမှာ ကစားရမှာလား” ဆိုပြီး ငြီးတွားနေမှာ မဟုတ်ပါဘူးး။ ယူရိုပါလိဂ်ပြိုင်ပွဲကလည်း ပြိုင်ပွဲကောင်းတခုပါ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ရဲ့ ဦးတည်ချက်တော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့ အခွင့်အရေး နည်းနည်းလေး ရှိပါသေးတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပြီး နောက်ရာသီမှာ ဘာတွေဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ” လို့ ပြောကြား သွားပါတယ်။