ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က မနက်ဖြန်မှာ ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ် အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာတော့ သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ အထိ ချန်ပီယံဆု အတွက် ယှဉ်ပြိုင်ခဲ့ကြသလို နောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း နှစ်သင်း ဖြစ်ပေမယ့် ဒီနှစ် ဘောလုံးရာသီမှာတော့ နှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက် ကြီးမားနေပါတယ်။

Photo Credit: Sky Sports

ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ ၉ပွဲ ကစားထားပြီးချိန်မှာ ၇ပွဲနိုင် ၂ပွဲ သရေ ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယားရဲ့ အဆင့်၂နေရာမှာ ရှိနေပေမယ့် တဖက်မှာ ကလော့ပ်ရဲ့ လီဗာပူးက ဒီရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေပြီး ၈ပွဲ ကစားထားရာ ၂ပွဲနိုင် ၄ပွဲသရေ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်၁၁နေရာ အထိ ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ယခုတပတ်မှာ ကစားရမယ့် လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲမှာ မန်ချက်စတာ စီးတီးကသာ အသာစီး ရသွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းနေကြပြီး လီဗာပူးနည်းပြ ကလော့ပ်ကလည်း မန်ချက်စတာ စီးတီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်သလို သူတို့အသင်းက မန်ချက်စတာ စီးတီးကို ယှဉ်နိုင်စွမ်း မရှိသေးကြောင်း ထုတ်ပြောသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ကလော့ပ်က – “ကျွန်တော် ပြောတဲ့ စကားကို ခင်ဗျားတို့ ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မယ်။ အခုချိန်မှာ ဘယ်အသင်းကမှ မန်ချက်စတာ စီးတီးကို ယှဉ်နိုင်စွမ်း မရှိပါဘူး။ သူတို့က လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးကို ပိုင်ဆိုင်ထားပါတယ်။ မန်ချက်စတာ စီးတီးက သူတို့ ခေါ်ချင်တဲ့ ကစားသမားတိုင်းကို ခေါ်ယူနိုင်စွမ်း ရှိပါတယ်။ ကျွန်တော် ပြောတဲ့ စကားကို မန်ချက်စတာ စီးတီးက ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးက သူတို့လိုမျိုး ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။ (တန်ကြေးမြင့် ကစားသမား ခေါ်ယူမှုများအား ရည်ညွှန်းလျက်)” လို့ ဝန်ခံသွားခဲ့တာပါ။