ယနေ့မနက် အစောပိုင်းမှာတော့ ချန်ပီယံလိဂ် ပွဲစဉ် ၅ အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းကြီး တစ်သင်းဖြစ်တဲ့ လီဗာပူး အသင်း နဲ့ အေဂျက် အသင်းတို့ဟာ အန်ဖီးလ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ လီဗာပူး အသင်းဟာ အိမ်ကွင်းမှာပဲ ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားခဲ့ ရပြီးတော့ လူငယ် ကွင်းလယ် ကစားသမား ကာတစ်ဂျုန်းစ် ရဲ့ သွင်းဂိုးနဲ့ ၁ ဂိုး ဂိုးမရှိဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အုပ်စုတွင်း အခြားသော ပြိုင်ဘက် အသင်းတွေ ဖြစ်ကြတဲ့ အတ္တလန်တာ အသင်း နဲ့ မစ်ဂျေးလန်း အသင်း တို့ရဲ့ ပွဲစဉ်ကလည်း သရေ ရလဒ် သာ ထွက်ပေါ်ခဲ့တာ ကြောင့် လီဗာပူး အသင်း အနေနဲ့ အုပ်စု ဒီ ရဲ့ ထိပ်ဆုံးကနေ ရမှတ် ၁၂ မှတ်နဲ့ ဦးဆောင် နေပြီးတော့ အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Express

လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် ကတော့ အဆိုပါ နိုင်ပွဲအတွက် အတော်လေး ပျော်ရွှင်လျက် ရှိနေပြီးတော့ ဒီညဟာ သူ့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံးသော ညတစ်ည လို့တောင် တင်စားလိုက်ပါတယ်။ လီဗာပူး အသင်း အနေနဲ့ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရာ ကနေ ယခုညပွဲမှာ ဒုတိယပိုင်း အရောက် ဂိုးသွင်းယူခဲ့တဲ့ ကာတစ်ဂျုန်းစ် ရဲ့ သွင်းဂိုး နဲ့ အတူ နိုင်ပွဲ ပြန်လည် ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာတစ်ဂျုန်းစ် ဟာဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူး အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တတိယမြောက် ဆယ်ကျော်သက် ကစားသမား တစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အခြားသော ကျန်ကစားသမား နှစ်ဦးကတော့ ၂၀၀၈ ခုနှစ်က ဒေးဗစ် အန်ဂေါ့ နဲ့ ၂၀၁၇ ခုနှစ်က အလက်ဇန်းဒါး အာနိုးလ် တို့ပဲ ဖြစ်ကြပါတယ်။

Photo Credit: Express

နည်းပြ ကလော့ပ် ကတော့ အဆိုပါ နိုင်ပွဲ အတွက် BT Sport မှာ အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။ “ဒီညက ကျွန်တော်တို့ အတွက် အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံးသော ချန်ပီယံလိဂ် ညတွေထဲက တစ်ခုလို့ ခံစားမိပါတယ်။ အသင်းကို ထောက်ခံ အားပေးကြတဲ့ ပရိသတ်တွေ ကွင်းအတွင်း မရှိပဲနဲ့ ယှဉ်ပြိုင် ကစားရတာ က အတော်လေး ခက်ခဲပြီးတော့ ထူးခြားတဲ့ ပွဲတစ်ပွဲလို ဖြစ်နေပါတယ်။ အခြေအနေတွေ၊ ဖြစ်ပျက်နေတာတွေ အကုန်လုံးက ခင်ဗျားကို တစ်နေ့တာ အတွက် ပြုံးစေနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် ဒဏ်ရာပြဿနာတွေကြောင့်ပါ။ ပြီးတော့ ကောင်လေးတွေ ကစားတဲ့ ပုံစံ က အရမ်း ကောင်းလွန်းခဲ့ပါတယ်။ ရော်ဘတ်ဆန် က ဆိုရင် သူ့ရဲ့ ခြေကျင်းဝတ်နဲ့ ထိုးခံပြီးတော့ ဘောလုံးကို ဖြတ်ထုတ်နိုင်တယ်။ ဂျော်ဒန် ဟန်ဒါဆန် ဆိုရင်လည်း အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ဝစ်နယ်ဒန် ကတော့ ပြောစရာ စကားတောင် မရှိပါဘူး။ ကာတစ် အတွက်ကတော့ ၁၉ နှစ်အရွယ် ကောင်လေး‌အတွက် ဘယ်လောက် ကောင်းလိုက်တဲ့ ကစားပွဲလဲ။ ပြီးတော့ ဝန်ထမ်းတွေအားလုံး၊ အရာအားလုံးက အံ့ဩဖို့ ကောင်းနေပြီးတော့ ကျွန်တော် ဒီညအတွက် အရမ်း အရမ်း ဂုဏ်ယူပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။