ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ပဲ့ကိုင်ရှင် ဂျာဂင် ကလော့ပ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာပဲ ဥရုဂွေး လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပေးခဲ့တဲ့ အတွက် အသင်းပိုင်ရှင်နဲ့ အသင်းရဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို အရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေရဲ့ ဒုတိယဆုတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ လီဗာပူးက လာမယ့်ရာသီမှာတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေကို ပြန်လည် ရယူနိုင်ဖို့ အတွက် ယခု နွေဈေးကွက် အတွင်းမှာ သွက်သွက်လက်လက် လှုပ်ရှားနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Liverpool Echo

လီဗာပူးက ယခု နွေဈေးကွက် အဖွင့်မှာပဲ ဖူလ်ဟမ်ရဲ့ လူငယ်ကြယ်ပွင့် ကာဗယ်လ်ဟိုကို အသင်းထံ ခေါ်ယူနိုင်ခဲ့သလို အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးက နော်ဝေကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းကို အမိအရ ခေါ်ယူနိုင်ခဲ့ချိန်မှာ ဘင်ဖီကာနဲ့အတူ တောက်ပနေတဲ့ ဥရုဂွေးကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၀၀သန်း (အပိုဆုကြေးတွေ ပါဝင်ပြီး) အထိ ပေးချေကာ ခေါ်ယူခဲ့ပြန်ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဥရုဂွေးကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ဟာလန်းနဲ့အပြိုင် လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူး သုံးဦး စာရင်းဝင်တဲ့ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပြီး လီဗာပူးက နူနက်ဇ် အတွက် ဘင်ဖီကာထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း + အပိုဆုကြေး ယူရို ၂၅သန်း ပေးချေခဲ့ရသလို နူနက်ဇ်ကိုလည်း တနှစ် အသားတင် လုပ်ခလစာ ယူရို ၆သန်းနဲ့ ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ကာ နူနက်ဇ်ကတော့ လီဗာပူးမှာ ကျောနံပါတ် ၂၇ကို ဝတ်ဆင် ကစားသွားဖို့ ရှိနေပါတယ်။

Photo Credit: Liverpool Echo

လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ အထောင်တိုက်စစ်မှူး ကွက်လပ်ကို ဖြည့်တင်းနိုင်ခဲ့တဲ့ အပေါ် အတော်လေး ပျော်ရွှင်နေပြီး နူနက်ဇ်ကို ခေါ်ယူပေးခဲ့လို့ အသင်းပိုင်ရှင်တွေနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်စကား ပြောကြားသွားသလို နူနက်ဇ်ဟာ လီဗာပူးမှာ အောင်မြင်မယ့် ကစားသမား ဖြစ်ကြောင်းလည်း သုံးသပ်သွားခဲ့ပါတယ်။

ကလော့ပ်က – “နူနက်ဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့ သတင်းက စူပါသတင်းကောင်းပါ။ ကျွန်တော့်အတွက် အရမ်းကို ကောင်းတဲ့ သတင်းလေး တခုလည်း ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ အတွက် ကျွန်တော်က အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ နူနက်ဇ်ရဲ့ အပြောင်းအရွှေ့က ကျွန်တော်တို့တွေဟာ အောင်မြင်မှုတွေ ရယူဖို့ ဘယ်လောက် အထိ ဆာလောင်နေလဲ ဆိုတာကို ကောင်းကောင်းကြီး ပြသနိုင်ခဲ့တဲ့ အပြောင်းအရွှေ့ပါ” လို့ ပြောကြားသွားခဲ့တာပါ။