ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ သူတို့အသင်းဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဆင့်၂၀နေရာက နော်တင်ဟမ် ဖောရက်စ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာဟာ ကစားသမားတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် အဝေးကွင်းမှာ အဆင့်၂၀က နော်တင်ဟမ် ဖောရက်စ်ကို သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အလွယ်တကူ အနိုင်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားချိန်မှာတော့ ပုံမှန် ခြေစွမ်းတရပ် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို နော်တင်ဟမ် ဖောရက်စ်ရဲ့ ခံစစ် စုဖွဲ့မှုကိုလည်း မကျော်ဖြတ်နိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ လူငယ် ကြယ်ပွင့်ဟောင်း အေဝါနီရီရဲ့ သွင်းဂိုးနဲ့အတူ အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Mirror

နော်တင်ဟမ် ဖောရက်စ် ၁-၀ လီဗာပူး ပွဲစဉ်မှာ နော်တင်ဟမ် ဖောရက်စ်က ခံစစ်ကိုသာ အဓိက အားပြု ကစားခဲ့ပြီး လီဗာပူးကတော့ ပွဲစပွဲဆုံး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ ကစားသမားတွေက ရလာတဲ့ ဂိုးသွင်းခွင့်တွေကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ပဲ နော်တင်ဟမ် ဖောရက်စ်ကတော့ ရလာတဲ့ ဂိုးသွင်းခွင့် ၁ကြိမ်ကို အပိုင် အသုံးချနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ အဖိုးတန် ရမှတ် ၃မှတ်ကို အမိအရ ရယူနိုင်ခဲ့တာပါ။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ လီဗာပူးနည်းပြ ကလော့ပ်က ကစားသမားတွေရဲ့ အဆုံးသတ်ပိုင်းနဲ့ ပတ်သတ်ပြီး အားမလို အားမရ ဖြစ်နေကာ သူတို့အသင်းဟာ အဆုံးသတ် မသေချာမှုကြောင့် အခုလိုမျိုး အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာပါလို့ ဆိုလာပါတယ်။

Photo Credit: Mirror

ကလော့ပ်က – “ကျွန်တော်တို့ရဲ့ ရှုံးပွဲအတွက် ပြစရာ အကြောင်းပြချက် မယ်မယ်ရရ မရှိပါဘူး။ ဖာမီနိုက ဒီနေ့ပွဲမှာ ရလာတဲ့ ဂိုးသွင်းခွင့်တွေကို တခြားနေ့တွေမှာ ဆိုရင် သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိပါတယ်။ ဒီလိုပဲ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ချက်တွေကလည်း တခြားနေ့တွေမှာ ဆိုရင် ဂိုးပိုက်နဲ့ မိတ်ဆက်သွားနိုင်တဲ့ ခေါင်းတိုက်မှုတွေပါ။ ကျွန်တော်တို့က တဖက်အသင်းရဲ့ ပိတ်ဆို့ ကစားတဲ့ ကစားပုံကြောင့် ဒီနေ့ပွဲမှာ ဂိုးသွင်းခွင့် အကြိမ် ၂၀လောက် ရဖို့ကို မျှော်လင့်ထားလို့ မရဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အပိုင် ဂိုးသွင်းခွင့်တွေ ၆ကြိမ် ၊ ၇ကြိမ် ၊ ၈ကြိမ်လောက် ရခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးမရတာဟာ တဖက်အသင်းက ကမ္ဘာ့အဆင့် ခံစစ်ကစားပုံမျိုး ပြသနိုင်ခဲ့လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဂိုးဝင်အောင် မသွင်းနိုင်လို့ ဂိုးမရခဲ့တာပါ” လို့ ကစားသမားတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှုအား ထောက်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။