ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ ၅ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ဂိုးပြတ် ရှုံးနိမ့်သွားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားရဲ့ အခြေအနေတွေကို စာနာ နားလည်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းဟာ အကြိတ်အနယ် ရှိလေ့ ရှိပြီး အနိုင်ရရှိဖို့ ရေကုန်ရေခမ်း ကြိုးပမ်း အားထုတ်ရတတ်ပေမယ့် ယမန်နေ့ည ပွဲစဉ်မှာတော့ လီဗာပူးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်ဟာ များစွာ ကွာခြားလှခြင်း မရှိပေမယ့် မက်ဂွိုင်းယား ဦးဆောင်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခံစစ်ကြောင်းဟာ အတော်လေးကို အမှားအယွင်း များခဲ့ပြီး လီဗာပူးအသင်း ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းအမှားတွေကို အကောင်းဆုံး အသုံးချကာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရယူနိုင်ခဲ့တာပါ။

နှစ်သင်းစလုံးဟာ ခါးသီးပြိုင်ဘက်တွေ ဖြစ်တာကြောင့် လီဗာပူးအသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီးမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းစားလာပြီး လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ ဒါဘီပွဲစဉ် တပွဲကို ရှုံးနိမ့်ပြီးနောက် နည်းပြတဦး အနေနဲ့ ဘယ်လိုခံစားရမလဲ ဆိုတာကို သူက ကောင်းစွာ နားလည်ကြောင်းနဲ့ ဆိုးလ်ရှားရဲ့ အခြေအနေကို စာနာမိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Mirror

ကလော့ပ်က – “ ကျွန်တော် သူ့ရဲ့ အခြေအနေတွေကို စာနာမိပါတယ်။ ခင်ဗျားက ပွဲတပွဲကို ရှုံးနိမ့်ခဲ့ရင် အထူးသဖြင့် ဒါဘီပွဲ တပွဲကို ရှုံးနိမ့်ခဲ့ရင် အင်တာဗျူးတွေကို ဖြေချင်မှာ မဟုတ်ဘူး။ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပြန်ဖြေချင်မှာ မဟုတ်ပါဘူး။ ကျွန်တော်လည်း အဲ့ဒီလိုပါပဲ။ ဒီညကတော့ သူ့အတွက် ကောင်းမွန်တဲ့ ညတည မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် သူ့အပေါ် စာနာ နားလည်မိပါတယ်” လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။