လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂင်ကလော့ကတော့ မနေ့ညက လိဒ်စ်ယူနိုက်တက်အသင်းကို စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းထဲမှာ နောက်ကနေလိုက်ကစားရင် ဂျရူး ဇူးမား ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရယူခဲ့တဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အသင်းဖြစ်လို့နေတဲ့အပြင် ချန်ပီယံဆုကို သိမ်းပိုက်နိုင်မယ့်အသင်းအဖြစ် ရေပန်းအစားဆုံး ဖြစ်လို့နေပြီလို့ သုံးသပ်ပြောဆုုိလိုက်ပါတယ်။

Photo Credit : Goal

မနေ့ညက လိဒ်စ်ကို အနိုင်ရလိုက်တဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ယာယီတတ်လှမ်းနိုင်ခဲ့တဲ့အပြင် ဒီတစ်ပတ်မှာ ချယ်လ်ဆီးရဲ့အနီးစပ်ဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ စပါးနဲ့ လီဗာပူးလ်တို့ကလည်း အသီးသီးပွဲကျပ်တွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အခုလို နိုင်ပွဲရယူနိုင်ခဲ့တာက ချယ်လ်ဆီးအတွက် အတော်လေးကို အကျိုးရှိစေခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ပတ်သက်ပြီး လီဗာပူးလ်နည်းပြကလော့က “ကျွန်တော်ပွဲတွေကို ကြည့်ပြီးတဲ့နောက်မှာ တော့တင်ဟမ်က အရင်ထက်ကို သိသိသာသာ ကောင်းမွန်လာတယ်ဆိုတာကို သတိထားမိခဲ့တယ်။ လတ်တလောဆိုရင်တော့ ချယ်လ်ဆီးက ပိုပြီးရေပန်းစားနေတဲ့ ကလပ်အသင်းလိုမျိုးကို ဖြစ်နေတယ်”

Photo Credit : Liverpool FC

“သူတို့က လူစာရင်း အရမ်းတောင့်တင်းတယ်။ ကစားသမားတွေကလည်း ထိပ်တန်းတွေချည်းပဲ။ ကစားပုံတွေလည်း ကောင်းမွန်ကြတယ်။ အခုဆိုရင် သူတို့က သူတို့ရဲ့ပုံစံကို မယုံကြည်နိုင်စရာကောင်းလလောက်အောင် ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပြီးတော့ တစ်ပွဲနဲ့တစ်ပွဲမှာလည်း ပိုပိုပြီးတော့ တိုးတတ်လာတယ်။ သူတို့မှာလည်း ဖိအားတော့ ရှိနေမှာပါ။ ဒါပေမယ့် ဒါတွေက သူတို့ကိစ္စပါ။ ဒီမှာ ရှိနေတဲ့ ဖိအားတချို့ကတော့ ဝုလ်ဗ်နဲ့ကစားရမယ့် ပွဲစဉ်မှာ အနိုင်ရရှိဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒီ Weekend မှာ ဝုလ်ဗ်နဲ့ ကစားရမယ်။ အခြားအသင်းတွေကလည်း သူတို့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမယ်။ အမှတ်တွေကို ရနိုင်သလောက် ရှာဖွေကြမယ်။ ဒီလို ပုံစံအတိုင်း ဆက်သွားနေကြမှာပဲ။ ဒီအချိန်မှာက ဘယ်အသင်းက ဘယ်အသင်းရဲ့အပေါ်မှာ ရပ်တည်နေနိုင်မလဲဆိုတာကို တွေးတောဖို့က အရမ်းကို စောနေပါသေးတယ်။ ကျွန်တော် ရာသီအစကတည်းက ပြောခဲ့ပါသေးတယ်။ ဒီရာသီက သင်ဘယ်လောက်ထိ ကောင်းအောင်ကစားနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး အကောင်းဆုံးတွေ ဖြစ်လာနိုင်မှာပါလို့။ လာမယ့်ပွဲစဉ် လာမယ့်ပြိုင်ဘက်အသင်း ဒါတွေကိုပဲ ကျွန်တော်တို့ဘက်ကနေ အပြည့်အဝကို အာရုံစိုက်သွားမယ်။ တခြားသော အသင်းတွေရဲ့ ရလဒ်တွေနဲ့ ပြောဖို့စောနေသေးတဲ့ အကြောင်းအရာတွေကိုတော့ အာရုံစိုက်နေမှာ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။