ယခုနှစ် ဘောလုံးရာသီမှာ ပရိသတ်တွေ မထင်ထားလောက်အောင် ရလဒ်တွေ ဆိုးဝါးနေတဲ့ အသင်းကတော့ ဂျာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြည်တွင်းဖလား ၂လုံးကို အရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ချန်ပီယံဆုနဲ့ လက်တကမ်း အလို အနေအထားကို ရောက်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ လီဗာပူးရဲ့ စွမ်းဆောင်ရည်တွေဟာ အတော်လေးကို ကျဆင်းနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ပွဲ ယှဉ်ပြိုင် ကစားထားရာ ၂ပွဲ သရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားကာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Sport Bible

လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး မာနေးကို လက်လွှတ်ခဲ့ရပေမယ့် မာနေးရဲ့ နေရာအတွက် ဥရုဂွေး လူငယ်ကြယ်ပွင့် တိုက်စစ်မှူး နူနက်ဇ်ကို ပြန်လည် ခေါ်ယူနိုင်ခဲ့သလို ကာဗယ်လ်ဟို ၊ ရမ်ဆေး စတဲ့ လူငယ်ကြယ်ပွင့်တွေကိုလည်း ခေါ်ယူထားနိုင်တာကြောင့် သူတို့အသင်းရဲ့ ကစားသမား အင်အားဟာ လျော့နည်းသွားတာထက် ပိုမို အင်အားတောင့်တင်းတယ်လို့ ပြောနိုင်ပေမယ့် ထူးဆန်းစွာပဲ ရလဒ်တွေ ဆိုးဝါးနေခဲ့တာပါ။

လီဗာပူးက ဂျာမန်လူမျိုး ထိပ်သီးနည်းပြ ကလော့ပ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက် တဖြည်းဖြည်းနဲ့ တိုးတက်လာသလို လက်ရှိအချိန်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း နှစ်သင်းထဲက တသင်း အဖြစ် ရပ်တည်နိုင်နေပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရပြီး အဆိုပါ ရလဒ်ဆိုးတွေကြောင့်ပဲ ဂျာမန် ဝါရင့် ဘောလုံးရေးရာ သုံးသပ်သူတွေက ကလော့ပ်ရဲ့ ၇ရာသီမြောက် ကျိန်စာဆိုးဟာ လီဗာပူးအပေါ် သက်ရောက်နေပြီလား ဆိုတာ စတင် စိတ်ပူနေကြပါတယ်။

Photo Credit: Sport Bible

ဂျာဂင် ကလော့ပ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး အပါအဝင် ဖြစ်ကြောင်းကို မိန့်ဇ် ၊ ဒေါ့မွန်နဲ့ လီဗာပူးတို့အား ကိုင်တွယ်ရင်း သက်သေပြထားပေမယ့် ထူးဆန်းတဲ့ တိုက်ဆိုင်မှု တရပ်အနေနဲ့ သူ ကိုင်တွယ်တဲ့ အသင်းတိုင်းဟာ ၇ရာသီမြောက်ကို ရောက်သွားရင်း ခြေစွမ်းပိုင်းရော ၊ ရလဒ်ပိုင်းပါ သိသိသာသာ ကျဆင်းသွားကြပါတယ်။

ကလော့ပ်က မိန့်ဇ်ကို ကိုင်တွယ်ခဲ့ချိန်မှာ သူ့ရဲ့ ၇ရာသီမြောက်ကို ရောက်တဲ့အချိန် မိန့်ဇ်ဟာ တန်းဆင်းခဲ့ရသလို ဒေါ့မွန်ကို ကိုင်တွယ်ခဲ့ချိန်မှာလည်း သူ့ရဲ့ ၇ရာသီမြောက်ကို ရောက်တဲ့အချိန်မှာ ဒေါ့မွန်ဟာ အဆင့်၇နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် လီဗာပူးပရိသတ်တွေ အပါအဝင် ဂျာမန် ဘောလုံးပရိသတ်တွေက ကလော့ပ်ရဲ့ ၇ရာသီမြောက် ကျိန်စာဆိုးဟာ လီဗာပူးအပေါ်ပါ သက်ရောက်လာမှာကို စိုးရိမ်နေကြပြီး လီဗာပူးဟာ ကလော့ပ်ရဲ့ ကံဆိုးမှုတွေကြောင့် ရလဒ်တွေ ဆိုးဝါးနေတာလား ၊ ဒါမှမဟုတ် အဓိက ကွင်းလယ်လူတွေ ဒဏ်ရာရနေတာကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတာလား ဆိုတာကိုတော့ လီဗာပူးရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာပျောက်တဲ့ အချိန်မှာ မြင်တွေ့ရနိုင်ပါကြောင်း တင်ဆက်ပေးလိုက်ပါတယ်။