ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ လက်ရှိ နွေဈေးကွက် အတွင်းမှာ ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇက်အသင်းကနေ အသင်းထံ ပြောင်းရွှေ့လာတဲ့ နောက်ခံလူ ကိုနာတေးရဲ့ ခြေစွမ်းကို အင်္ဂါနေ့မှာ မြင်တွေ့ရမယ်လို့ ပရိသတ်တွေကို အသိပေးလာပါတယ်။

အသက် ၂၂နှစ် အရွယ် နောက်ခံလူ ကိုနာတေးဟာ လိုက်ပ်ဇက်အသင်းကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Liverpool Echo

ကိုနာတေးဟာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ဗဟိုခံစစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ် ခံထားရတာကြောင့် လီဗာပူးအသင်းရဲ့ ပရိသတ်တွေဟာ သူ့ရဲ့ ခြေစွမ်းပိုင်းကို မြင်တွေ့ချင်နေကြပြီး အသင်းနဲ့ နီးစပ်သူတွေကလည်း ကိုနာတေးရဲ့ ခြေစွမ်းပိုင်းဟာ ထင်ထားတာထက် ပိုကောင်းတယ်လို့ မှတ်ချက် ပြုထားကြပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ဟာ အသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်နဲ့ ကိုနာတေးတို့ကို ရာသီသစ်မှာ အသင်းရဲ့ အဓိက နောက်ခံအတွဲအဖြစ် အသုံးပြုဖို့ စဉ်းစားထားပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာမယ့် အသင်းရဲ့ အင်္ဂလန် လူငယ် နောက်ခံလူ ဂိုးမက်စ်ကတော့ တတိယ ဦးစားပေး ဗဟိုနောက်ခံလူ အဖြစ်သို့ ရောက်ရှိသွားကြောင်း မာဆေးဆိုဒ်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Liverpool Echo

ကလော့ပ်ကတော့ ကိုနာတေးဟာ အသင်းအတွက် အားကိုးရမယ့် ကစားသမား တဦး ဖြစ်လာမယ်လို့ ပြောကြားထားပြီး ကိုနာတေးရဲ့ ခြေစွမ်းကို အင်္ဂါနေ့မှာ ကစားမယ့် ဝက်ဂါအသင်းနဲ့ပွဲစဉ်မှာ မြင်တွေ့ရမယ်လို့ ဖွင့်ဟ ပြောပြလာပါတယ်။

ကိုနာတေးနဲ့ ပတ်သတ်ပြီး ကလော့ပ်က – “သူက ကောင်းကောင်း နားထားရတယ်။ ပြီးတော့ ကောင်းမွန်တဲ့ ရာသီကြို ပြင်ဆင်မှုလည်း ရှိတယ်။ ဒီတော့ အင်္ဂါနေ့မှာ သူ ကစားနိုင်မှာပါ။ ကိုနာတေးအတွက် ကစားချိန်တွေ ခပ်မြန်မြန် ရဖို့က အရေးကြီးပါတယ်။ ဒါကြောင့်ပဲ ရာသီကြို ခြေစမ်းပွဲတွေ ရှိနေတာပေါ့” လို့ ပြောကြား သွားခဲ့တာပါ။