ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာဟာ သူတို့အသင်းကို နှစ်၃၀မှ ၁ခါ ပရီးမီးယားလိဂ်ဖလား ရတဲ့ အသင်းလို့ လှောင်ပြောင်ခဲ့တဲ့ အပေါ် ဂွာဒီယိုလာနဲ့ မန်ချက်စတာ စီးတီးကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပြုတ် လို့ ခေါင်းစဉ်တပ်ကာ ပြန်လည် ခနဲ့သွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးနဲ့ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးတို့က နောက်ပိုင်းနှစ်တွေမှာ အင်္ဂလန် ပရီးမီးယားလိဂ်ကို မင်းမူထားနိုင်တဲ့ အသင်းနှစ်သင်း ဖြစ်ကြသလို နှစ်သင်းစလုံးက လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်း ၅သင်း စာရင်းဝင်တဲ့ ထိပ်သီးအသင်းတွေလည်း ဖြစ်ကြပါတယ်။

Photo Credit: Mirror

ယခုနှစ် ဘောလုံးရာသီမှာလည်း ကလော့ပ်ရဲ့ လီဗာပူးက ကာရာဘောင်းဖလားကို ဆွတ်ခူးထားနိုင်သလို ချန်ပီယံလိဂ်ဖလား ၊ အက်ဖ်အေဖလားတို့နဲ့လည်း လက်တကမ်း အကွာကို ရောက်ရှိနေကာ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေရာ ကနေ ယခုတပတ်မှာတော့ လီဗာပူးက အနည်းငယ် ခြေချော်သွားခဲ့တာကြောင့် မန်ချက်စတာ စီးတီးက လီဗာပူးထက် ရမှတ် ၃မှတ် အသာစီး ရသွားခဲ့ကာ အဓိကပြိုင်ဘက် လီဗာပူးကို ရမှတ် ၃မှတ် ဖြတ်တောက်နိုင်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက လီဗာပူးဟာ ဥရောပပြိုင်ပွဲတွေမှာ အခြေအနေ ကောင်းနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ နှစ်၃၀မှ ၁ခါသာ ဆုဖလား ရတဲ့ အသင်းလို့ လှောင်ပြောင်သွားခဲ့ပါတယ်။

Photo Credit: Mirror

ဂွာဒီယိုလာရဲ့ စကားတွေက ပရီးမီးယားလိဂ် အသိုင်းအဝိုင်းကို အတော်လေး လှုပ်ခတ်သွားစေသလို လီဗာပူး ပရိသတ်တွေကလည်း ဂွာဒီယိုလာဟာ သူတို့အသင်းကို အထင်သေးနေတယ်လို့ ယူဆနေကြပြီး လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်က ဂွာဒီယိုလာဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရလို့ ခံစားနေရပုံ ပေါ်တယ် လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားရင်း ဂွာဒီယိုလာကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

ကလော့ပ်က – “ပွဲတပွဲရဲ့ ရလဒ်နဲ့ အခြေအနေတွေက နည်းပြတယောက်ရဲ့ စိတ်ခံစားချက် အပေါ် အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ စပါးနဲ့ပွဲအပြီးမှာ ကျွန်တော် ပြောခဲ့မိတဲ့ စကားတချို့ကလည်း ကျွန်တော့်ရဲ့ စကားလုံး အစစ်အမှန်တွေ မဟုတ်ပဲ ကျွန်တော့်ရဲ့ ခံစားချက်တွေ ကနေ ထွက်လာတဲ့ စကားလုံးတွေပါ။ (ကွန်တီရဲ့ နည်းစနစ်အပေါ် ဝေဖန်ခဲ့ခြင်းအား ရည်ရွယ်လျက်) ဒီတော့ ဂွာဒီယိုလာ တယောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့် ကနေ လှည့်ပြန်ခဲ့ရလို့ ဘာတွေ ခံစားနေရမလဲ ဆိုတာ ကျွန်တော်လည်း မသိနိုင်ဘူးလေ။ (ရယ်လျက်) ကျွန်တော်တို့ ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တဲ့ အသင်းပါ” လို့ ပြောကြားရင်း ဂွာဒီယိုလာကို ပြန်ခနဲ့သွားခဲ့တာပါ။