လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်နည်းပြဖြစ်သူ ယာဂန် ကလော့ပ်ဟာ သူရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တဲ့ ဒီယိုဂို ဂျိုတာ ရုတ်တရက် ကွယ်လွန်သွားခြင်းအတွက် လူမှုကွန်ရက်ကနေတစ်ဆင့် အလွန်အမင်း ဝမ်းနည်းကြေကွဲစကား ဆိုလိုက်ပါတယ်။
ဂျိုတာနဲ့ သူရဲ့ညီဖြစ်သူ အန်ဒရေဆေးလ်ဗားတို့ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ သန်းခေါင်ကျော်အချိန်မှာ ကားမတော်တဆမှုကြောင့် ကြေကွဲဖွယ်ရာ ကွယ်လွန်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ဦး စီးနင်းလာတဲ့ လမ်ဘော်ဂီနီကားဟာ တာယာပေါက်ပြီး လမ်းပေါ်ကနေ ထိုးကျကာ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
Photo Credit : Goal
ဂျိုတာကို အန်ဖီးလ်မှာ လေးရာသီကြာကိုင်တွယ်ခဲ့ပြီး အတူတကွ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြ ကလော့ပ်က အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ကွယ်လွန်မှုအတွက် များစွာကြေကွဲနေကြောင်း ဆိုပါတယ်။ ကလော့ပ်က ဂျိုတာကို “သူငယ်ချင်းကောင်း” တစ်ယောက်အဖြစ် တင်စားခဲ့ပြီး သူရဲ့ ဇနီးနဲ့ ကလေးသုံးယောက်အတွက်လည်း တစ်သားတည်းရှိကြောင်း ပြသခဲ့ပါတယ်။
အသက် ၅၈ နှစ်အရွယ် ကလော့ပ်က သူ့ရဲ့ Instagram မှာ အခုလို ရေးသားခဲ့ပါတယ်။ “ဒီအချိန်မှာ ကျွန်တော် စကားလုံးတွေ ရှာမတွေ့အောင်ပါပဲ။ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ပိုကြီးမားတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိရမယ်ထင်တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ မမြင်နိုင်ဘူး။ ဒီယိုဂို နဲ့ သူ့ညီ အန်ဒရေတို့ ကွယ်လွန်သွားတဲ့သတင်းကို ကြားရတဲ့အခါ ကျွန်တော့်နှလုံးသားတွေ ကြေမွသွားရပါတယ်။”
“ဒီယိုဂိုဟာ ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ရုံသာမက သူငယ်ချင်းကောင်းတစ်ယောက် ချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ငါတို့ မင်းကို အရမ်းလွမ်းနေမှာပါ။ ကျွန်တော့်ရဲ့ ဆုတောင်းမေတ္တာတွေ အတွေးတွေနဲ့ ခွန်အားတွေအားလုံးကို သူ့ရဲ့ဇနီး ရူတီ ကလေးတွေ မိသားစု သူငယ်ချင်းတွေနဲ့ သူတို့ကို ချစ်ခင်တဲ့သူတိုင်းဆီ ပို့သပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ – ချစ်ခြင်းများစွာဖြင့်၊ J”
Photo Credit : Sky Sports
CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျိုတာနဲ့ သူ့ညီဖြစ်သူတို့ဟာ ဗြိတိန်သို့သွားမယ့် ညအိပ်သင်္ဘောကို အမီလိုက်နိုင်ဖို့အတွက် စပိန်နိုင်ငံ ဇာမိုရာပြည်နယ်ကို ဖြတ်ပြီး ဆန်တန်ဒါမြို့ဆီ ဦးတည်မောင်းနှင်လာခဲ့ကြတာဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ လာမယ့် တနင်္လာနေ့မှာ မာဆေးဆိုဒ်ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ပူးပေါင်းဖို့ စီစဉ်ထားတာပါ။ မကြာသေးမီက အဆုတ်ခွဲစိတ်မှု ခံယူထားခဲ့ရတဲ့အတွက် သူ့ကို လေယာဉ်မစီးဖို့ အကြံပြုထားခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းကလည်း ဒီကြေကွဲဖွယ်ရာဖြစ်ရပ်အတွက် သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ နည်းပြအာနေး ဆလော့ရဲ့အသင်းဟာ လာမယ့်အပတ်မှာ ရာသီကြိုလေ့ကျင့်ခန်းတွေအတွက် ပြန်လည်စုဝေးမှာဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့မှာ ပရက်စတန်အသင်းနဲ့ ပထမဆုံး ခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။