ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းဟာ ချန်ပီယံဆု အတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) အဖြစ် လတ်တလောမှာ ခြေစွမ်းကောင်းနေတဲ့ ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ဖူလ်ဟမ်က ဘာမျှော်လင့်ချက်မှ မရှိတော့ပေမယ့် အိမ်ကွင်းပရိသတ်တွေ ရှေ့မှာ ရှုံးပွဲ မကြုံရအောင် လီဗာပူးကို အကောင်းဆုံး ခံကစားသွားခဲ့ပါတယ်။

Photo Credit: Standard

ဖူလ်ဟမ်ရဲ့ မာကျော ကျစ်လျစ်တဲ့ ကစားဟန်ကြောင့် လီဗာပူးက ပွဲအစပိုင်းမှာ အနည်းငယ် အခက်တွေ့ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ပွဲကို စိုးမိုးလာနိုင်ခဲ့ပြီး ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ အာနိုးလ် ၊ ဂရာဗန်ဘက်နဲ့ ဂျိုတာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ ဖူလ်ဟမ်ကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဖူလ်ဟမ်အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကိုတော့ ပထမပိုင်း ပြီးခါနီးမှာ ညာနောက်ခံလူ ကာစတက်နီက သွင်းယူပေးခဲ့တာပါ။

ဖူလ်ဟမ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် လီဗာပူးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာ အထိ တက်လှမ်းနိုင်ခဲ့သလို ဇယားထိပ်မှာ ရှိနေတဲ အာဆင်နယ်နဲ့ ရမှတ်တူသွားခဲ့ပြီး ချန်ပီယံဆုနဲ့ လက်တကမ်းအလိုကို ရောက်လာပါတယ်။

Photo Credit: Standard

လီဗာပူးနည်းပြချုပ် ယာဂင် ကလော့ပ်က သူတို့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခွင့် ရဖို့ လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ဆိုလာပါတယ်။ ကလော့ပ်က – “ကျွန်တော်တို့က ချန်ပီယံပြေးလမ်းထဲမှာ ဆက်ရှိချင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ မနေ့တုန်းက အာဆင်နယ်ဟာ နိုင်ပွဲ ရခဲ့သလို မန်ချက်စတာ စီးတီးကလည်း ပွဲကျန်မှာ အနိုင်ရဦးမှာပါ။ ဒါကြောင့် ကျွန်တော်တို့က ဒီပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့က လက်ကျန်ပွဲတွေ အားလုံးမှာလည်း နိုင်ပွဲတွေ ဆက်ယူနိုင်အောင် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။

လီဗာပူးက လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၅ပွဲမှာ အဲဗာတန် ၊ ဝက်စ်ဟမ်း ၊ စပါး ၊ ဗီလာ ၊ ဝုလ်ဗ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားရဖို့ ကျန်နေသေးပြီး တွေ့ရမယ့် ပြိုင်ဘက်တွေ အားလုံးက ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်တာကြောင့် လီဗာပူးဟာ နိုင်ပွဲတွေ ရယူနိုင်ဖို့ အားကုန်ထုတ် ကစားရပါလိမ့်မယ်။