ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူတို့အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ EFLဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ပွဲမှာလည်း ဂိုးပြတ်နိုင်ခဲ့သင့်တာလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မချိတင်ကဲ ထုတ်ပြောလာခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးက EFLဖလား ကွာတားဖိုင်နယ် အဖြစ် ခြေစွမ်းတက်နေတဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ တပွဲလုံးနီးပါး ဝက်စ်ဟမ်းဘက်ကို တရစပ် ဖိအားပေး ကစားနိုင်ခဲ့သလို သွင်းဂိုးတွေ အမြောက်အများ သွင်းယူကာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Guardian

လီဗာပူး ၅-၁ ဝက်စ်ဟမ်း ပွဲစဉ်မှာ လီဗာပူးအတွက် သွင်းဂိုးတွေကို ဆိုဘော့ဇလိုင်း ၊ ကာတစ်ဂျုံးစ် ၊ ဂတ်ပို ၊ ဆာလာ စတဲ့ ကစားသမားတွေက သွင်းယူပေးခဲ့ကြပြီး ဝက်စ်ဟမ်းအတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ဘိုဝင်က သွင်းယူပေးခဲ့တာပါ။

လီဗာပူးက ဝက်စ်ဟမ်းကို အနိုင်ရခဲ့ပြီးနောက် EFLဖလား ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ လီဗာပူးဟာ အဲဗာတန်ကို အနိုင်ယူခဲ့တဲ့ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ကာ တဖက် ဆီမီးဖိုင်နယ်မှာတော့ ချယ်လ်ဆီးနဲ့ မစ်ဒယ်ဘရော့တို့ တွေ့ဆုံနေပါတယ်။

Photo Credit: Standard

လီဗာပူး ၅-၁ ဝက်စ်ဟမ်း ပွဲအပြီးမှာတော့ ယာဂင် ကလော့ပ်က သူတို့အသင်းဟာ ဒီနေ့မှာ ရလာတဲ့ ဂိုးသွင်းခွင့်တွေကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာသာ အခုလို အဆုံးသတ်နိုင်ခဲ့ရင် ခါးသီးပြိုင်ဘက် ယူနိုက်တက်ကို ဂိုးပြတ်နိုင်ခဲ့မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကောင်လေးတွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မလုပ်နိုင်ခဲ့တဲ့ အရာတွေကို လုပ်နိုင်ခဲ့ကြပါတယ်။ (ပွဲကို စိုးမိုးထားနိုင်ပေမယ့် အနိုင်မရခဲ့မှုအား ရည်ရွယ်လျက်) ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံကို ဝေဖန်သင့်ရဲ့လား ဆိုတာ မသိပေမယ့် သူတို့က ခံစစ်ကို အတော်လေး အားပြု ကစားသွားခဲ့တာပါ။ အဲ့ဒီပွဲမှာ ကျွန်တော်တို့က ဂိုးကန်သွင်းခွင့် ၃၄ကြိမ် ရခဲ့သလို သူတို့ရဲ့ ဂိုးသမားကလည်း ကာကွယ်မှုတွေ လုပ်ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့က ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ကြပါတယ်။ တခါတလေ သေးငယ်တဲ့ ကိစ္စရပ်တွေက ကြီးမားတဲ့ ခြားနားမှုတွေ ဖြစ်စေပါတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။