MySport Myanmar

မန်စီးတီးနဲ့ပွဲမှာ ဆာလာ ပြန်ကစားနိုင်မယ်လို့ အတည်ပြုလိုက်တဲ့ ကလော့ပ်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယခုတပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလုဘက် မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ ပြန်ကစားနိုင်တော့မယ်လို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီး ၊ အာတီတာရဲ့ အာဆင်နယ် စတဲ့ အသင်းတွေနဲ့ ပြိုင်ဆိုင်နေရပါတယ်။

Photo Credit: Goal

လတ်တလောမှာ လီဗာပူးက ပရီးမီးယားလိဂ်ရဲ့ နံပါတ်တစ် နေရာကို သိမ်းပိုက်ထားနိုင်ပေမယ့် သူတို့နဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးရဲ့ ကြားထဲမှာ ရမှတ် ၁မှတ်သာ ကွာဟပါတယ်။

ဒါကြောင့် ယခုတပတ်မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်က ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ အတွက် အရေးပါတဲ့ပွဲ ဖြစ်ပြီး အဆိုပါပွဲမှာ အနိုင်ရတဲ့အသင်းက ချန်ပီယံဆုနဲ့ ပိုမို နီးစပ်သွားမှာပါ။

Photo Credit: Standard

မန်ချက်စတာ စီးတီးနဲ့ လီဗာပူး ပွဲစဉ်က နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင်ရလဒ် အတွက် ယှဉ်ပြိုင်ဖို့ ရှိနေပြီး ကလော့ပ်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ကစားဖို့ အသင့် ဖြစ်နေပြီလို့ ပရိသတ်တွေကို သတင်းကောင်း ပြောပြလာခဲ့ပါတယ်။

ကလော့ပ်က – “ဆာလာက ကျွန်တော်တို့နဲ့ အတူတူ ရှိနေပါတယ်။ သူက ပြီးခဲ့တဲ့ ၂ရက်လုံးလုံး အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းထားနိုင်ပါတယ်။ သူက အားအင်ပြည့်သလို ပျော်လည်း ပျော်​နေပါတယ်။ ကျွန်တော်တို့က သူ့ကို ဂရုတစိုက် သုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူ ပြန်ရောက်နေတာက ကျွန်တော်တို့အတွက် သတင်းကောင်းပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။

Exit mobile version