ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု တတိယပွဲစဉ်မှာ ရိန်းဂျားကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူး နူနက်ဇ်ကို အချိန်ပေးဖို့ ပရိသတ်တွေကို တောင်းဆိုသွားခဲ့ပါတယ်။

လီဗာပူးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မာနေးကို ဘိုင်ယန်မြူးနစ်ထံ လက်လွှတ်ခဲ့ရတာကြောင့် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူနက်ဇ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။

Photo Credit: Standard

နူနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘင်ဖီကာနဲ့အတူ အစွမ်းကုန် တောက်ပခဲ့တာကြောင့် လီဗာပူးဆီ ရောက်ရှိလာချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်လိမ့်မယ်လို့ မျှော်မှန်းခံခဲ့ရပေမယ့် သူဟာ လီဗာပူးရဲ့ ကစားပုံနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် မကစားနိုင်သေးတာကြောင့် သွင်းဂိုးတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၂-၀ ရိန်းဂျား ပွဲစဉ်မှာလည်း နူနက်ဇ်ဟာ ပွဲစကတည်းက ပါဝင် ကစားခွင့် ရခဲ့ပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ လီဗာပူးနည်းပြ ဖြစ်သူ ယာဂင် ကလော့ပ်ကတော့ နူနက်ဇ်ဟာ လက်ရှိမှာ ဂိုးမသွင်းနိုင်သေးပေမယ့် အသင်းဖော်တွေကို အကောင်းဆုံး ကူညီပေးထားနိုင်တာကြောင့် ပရိသတ်တွေက သူ့ကို စိတ်ရှည်ပေးရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ကလော့ပ်က – “ဒီနေ့ညမှာ ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးတွေ အကောင်းဆုံး ကစားသွားနိုင်တာကို ခင်ဗျားတို့တွေ မြင်ကြရမှာပါ။ ကောင်လေးတွေက သူတို့ အစွမ်းရှိသလောက် ပေးဆပ် ကစားခဲ့ကြပါတယ်။ သူတို့တွေက ဒီကစားကွက်နဲ့ လေ့ကျင့်ရေး တခါပဲ လုပ်ရသေးပေမယ့် ကစားကွက်နဲ့ အံဝင်အောင် ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့တွေက ဒီပွဲမတိုင်ခင်မှာ ဒီကစားကွက်နဲ့ အပေါ့စား လေ့ကျင့်ရေး တခါပဲ ဆင်းခဲ့ရတာပါ။ နူနက်ဇ်နဲ့ ပတ်သတ်ပြီး ပြောရရင်တော့ ဒီညမှာ သူက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ ဘယ်လောက်ကောင်းလဲ ဆိုတာကို သက်သေပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အချိန်တခု ပေးပြီးသွားရင် သူ့ဆီကနေ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်မြင်ရမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။