ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် ကစားကာ နှစ်ကျော့ပေါင်းရလဒ် ၃-၂နဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် လီဗာပူးနဲ့အတူ နောက်ထပ် ဗိုလ်လုပွဲ တခုဆီ ချီတက်နိုင်ခဲ့တာကြောင့် ပျော်ရွှင်ရကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်တဲ့ အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်သလို ကာရာဘောင်းပြိုင်ပွဲမှာလည်း လက်စတာ ၊ ဘုန်းမောက် ၊ ဝက်စ်ဟမ်း ၊ ဖူလ်ဟမ် စတဲ့ အသင်းတွေကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ ချီတက်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ လီဗာပူးက အဓိက ကစားသမား တချို့ကို လက်လွှတ်ထားရပေမယ့် ဖူလ်ဟမ်ကို အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင် ကစားပြခဲ့ပြီး တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် ကျစ်လျစ်တဲ့ ခံစစ်ကစားပုံကို ပြသရင်း ဗိုလ်လုပွဲတက်ဖို့ လိုအပ်နေတဲ့ သရေရလဒ်ကို ရအောင် ယူသွားခဲ့ပါတယ်။

ဖူလ်ဟမ် ၁-၁ လီဗာပူး ပွဲစဉ်မှာ လီဗာပူးအတွက် သွင်းဂိုးကို ပွဲချိန် ၁၁မိနစ်မှာ တိုက်စစ်မှူး ဒီယက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဖူလ်ဟမ်အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၇မိနစ်မှာ နောက်ခံလူ ဒီအော့ပ်က သွင်းပေးခဲ့တာပါ။

Photo Credit: Standard

လီဗာပူးက ပထမအကျော့မှာ ဖူလ်ဟမ်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် အဝေးကွင်းမှာ ၁-၁ သရေကျပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၃-၂နဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ လီဗာပူးဟာ အင်အားကြီးပြိုင်ဘက် ချယ်လ်ဆီးနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ဖူလ်ဟမ် ၁-၁ လီဗာပူး ပွဲအပြီးမှာတော့ လီဗာပူးနည်းပြချုပ် ကလော့ပ်က သူ့ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့် ဗိုလ်လုပွဲဆီ တက်နိုင်ခဲ့တာ ဖြစ်ကြောင်းနဲ့ ကစားသမားတွေဟာ ချန်ပီယံ ဖြစ်ချင်နေကြကြောင်း ဆိုလာပါတယ်။ ကလော့ပ်က – “ကျွန်တော်တို့တွေ နောက်ထပ် ဗိုလ်လုပွဲ တပွဲဆီ တက်နိုင်ခဲ့လို့ ခံစားချက်တွေ အရမ်း ကောင်းနေပါတယ်။ ကျွန်တော်က ဒီပွဲမတိုင်ခင်မှာ ကောင်လေးတွေကို ဗိုလ်လုပွဲဆီ ရောက်နေပြီလို့ မတွေးထားဖို့ မှာခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော့်ရဲ့ ကစားသမားတွေ အားလုံးက ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ သူတို့တွေက ကြိုးစား အားထုတ်မှုကောင်းကောင်းနဲ့ ကစားကြခဲ့ကြတာပါ။ ကစားသမားတွေ အားလုံးက ဒီဖလားကို ရယူချင်နေကြပါတယ်။ သူတို့တွေက ထူးခြားတဲ့အရာတွေကို လုပ်ချင်ကြသူတွေပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။