ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)မှာ အက်စ်တွန်ဗီလာကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းရဲ့ ရာသီကုန် ပစ်မှတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အဖြစ် အက်စ်တွန်ဗီလာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲစပွဲဆုံး ဗီလာဘက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပြီး လီဗာပူးက ဦးဆောင်ဂိုး ၂ဂိုးကို အရင်ဆုံး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ လီဗာပူးအတွက် သွင်းဂိုးတွေကို ပွဲချိန် ၅မိနစ်မှာ ဆာလာ ၊ ပွဲချိန် ၃၇မိနစ်မှာ ဗန်ဒိုက်နဲ့ ပွဲချိန် ၈၁မိနစ်မှ လူစားဝင် လူငယ်ကွင်းလယ်လူ ဘာ့ဂျ်စီတစ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အက်စ်တွန်ဗီလာ အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကို ပွဲချိန် ၅၉မိနစ်မှာ အဓိက တိုက်စစ်မှူး ဝက်ကင်းက သွင်းယူပေးခဲ့တာပါ။

အက်စ်တွန်ဗီလာ ၁-၃ လီဗာပူး ပွဲစဉ်အပြီးမှတော့ လီဗာပူးနည်းပြ ဖြစ်သူ ကလော့ပ်က ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ အသင်းရဲ့ ခြေစွမ်းကို သဘောကျကြောင်းနဲ့ သူတို့ဟာ ဒီခြေစွမ်းကို ဆက်လက် ထိန်းသိမ်းသွားဖို့ လိုအပ်ကာ သူတို့ရဲ့ အဓိက ပစ်မှတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့သာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ကလော့ပ်က – “ဒါပေါ့။ ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ပါ။ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် ခက်ခဲတဲ့ အခိုက်အတန့်တွေ ၊ ခက်ခဲတဲ့ ပွဲစဉ်တွေကို ဖြတ်ကျော်ရဖို့ ရှိပါသေးတယ်။ ကျွန်တော်တို့က ပွဲတွေ မစခင်ရော ၊ ပွဲပြီးတဲ့ အချိန်တွေမှာပါ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်ရနိုင်ပါသေးတယ်။ ဒီနေ့တော့ ကျွန်တော်တို့က ၃မှတ်ကို အပိုင်သိမ်းနိုင်ခဲ့ပါတယ်။ ဒီ၃မှတ်ကြောင့် ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာနဲ့ ပိုမို နီးစပ်လာခဲ့ပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်ကို အပိုင် သိမ်းနိုင်မှာပါ။ အဲ့ဒီအတွက် စိတ်ပူစရာ မရှိပါဘူး။ အသင်းတိုင်းက အခုချိန်မှာ အကောင်းဆုံး ခြေစွမ်းတွေ ရနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားသလို ကျွန်တော်တို့ကပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။