MySport Myanmar

ကာဆယ် comeback က ဘာစီ comeback ထက်ကို ပိုခက်တယ်လို့ ကလော့ပ် ဆို

မနေ့ညက နယူးကာဆယ်အသင်းကို တစ်ဂိုးအရှုံး တစ်ယောက်လျော့ အနေအထားကနေ comeback ရလဒ်နဲ့ အနိုင်ရလိုက်တာက ချန်ပီယံလိဂ်မှာ ဘာစီလိုနာအသင်းကို comeback ရလဒ်နဲ့ အနိုင်ယူ ဖြတ်ကျော်ရတာထက်ကို ပိုခက်ခဲတယ်လို့ လီဗာပူးလ် နည်းပြ ယာဂင် ကလော့ပ် ပြောဆိုသွားခဲ့ပါတယ်။

အာနိုးရဲ့ အမှားကနေ ဂေါ်ဒွန်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုး သွင်းယူပြီး သိပ်မကြာခင်မှာပဲ ဗန်ဒိုက်ပါ အထုတ်ပယ်ခံခဲ့ရပြီး ကစားသမား တစ်ယောက်လျော့ ဖြစ်သွားရချိန် ဒီရလဒ်ကို ပိုမဆိုးအောင် ထိန်းကစားရင်း လူစားဝင် ကစားသမား နူးနက်ဇ်ရဲ့ ဂိုးတွေနဲ့ပါ comeback ရလဒ်နဲ့ နိုင်ပွဲပါ ရရှိသွားခဲ့ရပါတယ်။

Photo Credit : Sky Sports

လီဗာပူးလ်အသင်းက လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်တုန်းကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပကျော့ နူးကမ့်မှာ ဘာစီလိုနာကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အရှုံးပေးခဲ့ရာကနေ ဒုကျော့ အန်ဖီးလ်မှာ ပြန်ကစားချိန် (၄)ဂိုးအထိ ပြန်လည် သွင်းယူနိုင်ရင်း comeback နိုင်ပွဲနဲ့ ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ဒီ comeback က မနေ့ညက စိန့်ဂျိမ်းစ်ပတ်မှာ နယူးကာဆယ်ကို ကစားသမား (၁၀)ယောက်တည်းနဲ့ comeback ခဲ့တာလောက် မခက်ခဲဘူးလို့ ယာဂင် ကလော့ပ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Footbalium

“အခုပွဲက ဘာစီလိုနာအသင်းနဲ့ပွဲကထက် ပိုပြီးတော့ကို ခက်ခဲပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့တွေ ပထမပွဲမှာ (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတယ်။ ဒါပေမယ့် ဒီပွဲကနေ သိလိုက်ရတာက ကျွန်တော်တို့ ခံစစ်ပိုင်းကို မှန်မှန်ကန်ကန် ကစားမယ်ဆိုရင် ဘာစီလိုနာကို ကောင်းကောင်း ဒုက္ခပေးနိုင်မယ် ဆိုတာပါပဲ။ အခုပွဲကတော့ ဘာစီပွဲနဲ့ လုံးဝ ကွဲပြားပါတယ်။ ကျွန်တော်တို့ အစပိုင်းမှာ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။ ဂိုးပေးခဲ့ရတယ်။ အနီကတ်ထိတယ်။”

“ကျွန်တော်တို့ အဲ့ဒီ အခိုက်အတန့်ကနေ ပိုပြီး ထိန်းကစားနိုင်ခဲ့တာ အမှန်ပါပဲ။ ကျွန်တော်တို့ ကျစ်ကျစ်လစ်လစ် နဲ့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့လို့ နယူးကာဆယ်တို့ အခွင့်အရေး ဖန်တီးဖို့ ရုန်းကန်ခဲ့ရတယ်။ ပထမပိုင်း ပြီးသွားချိန်မှာတော့ စိတ်အားထက်သန်မှုတွေ အရှုံးမပေးလိုစိတ်တွေ ကံတရားဖေးမမှုတွေ special comeback တစ်ခု ဖြစ်လာလိမ့်မယ်လို့ ခံစားမိလာရတယ်။ ဒါကြောင့်ပဲ ပွဲကို စိတ်အေးအေးနဲ့ ဆက်ကစားပြီး ဒါဝင်ကို ဝင်ကစားစေတယ်။ ဒါဝင်က စူပါစွမ်းဆောင်ရည်နဲ့ ထိပ်တန်းအဆင့် သွင်းဂိုး(၂)ဂိုးကို သွင်းယူခဲ့တယ်။” လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version