MySport Myanmar

မာနေးကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းမိကြောင်း ဖွင့်ဟ ဝန်ခံလာတဲ့ ဂျာဂင် ကလော့ပ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က ယခု နွေဈေးကွက် အတွင်းမှာပဲ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့သွားခဲ့တဲ့ မာနေးကို ဘိုင်ယန်မြူးနစ် ဝတ်စုံနဲ့ မြင်တွေ့လိုက်ရချိန်မှာ ဝမ်းနည်းမိခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ယခု နွေဈေးကွက် အတွင်းမှာပဲ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး သူက ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ်ကို ချုပ်ဆိုထားပါတယ်။

Photo Credit: CBS Sports

မာနေးက ၂၀၁၆ခုနှစ်ကနေ ၂၀၂၂ခုနှစ် အထိ လီဗာပူးမှာ ကစားခဲ့သူ ဖြစ်ပြီး သူက လီဗာပူးမှာ ဆာလာ ၊ ဖာမီနိုတို့နဲ့ တွဲဖက်ကာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ အသင်းအတွက် ၆နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၂၆၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂၀ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးရဲ့ ပရိသတ် အများစုက မာနေးကို အသင်းရဲ့ ဂန္တဝင် ကစားသမား အဖြစ် သတ်မှတ်ထားကြကာ လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်ကလည်း သူ့ရဲ့ တပည့်ဟောင်း မာနေးကို ဘိုင်ယန်မြူးနစ်ရဲ့ ဝတ်စုံနဲ့ မြင်တွေ့လိုက်ရချိန်မှာ ဝမ်းနည်းမိပြီး မာနေးဟာ ဆင်ခြေတွေ မပေးတတ်ပဲ အသင်းအတွက် ရာနှုန်းပြည့် အာရုံစိုက် ကစားတတ်သူ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: CBS Sports

ကလော့ပ်က – “ကျွန်တော်က ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ လိုက်ပ်ဇစ်နဲ့ ရင်ဆိုင် ကစားနေတဲ့ မာနေးကို မြင်လိုက်ရချိန်မှာ အတော်လေး ဝမ်းနည်းမိခဲ့ပါတယ်။ မာနေးက ဘယ်တော့မှ ဆင်ခြေမပေးတတ်သလို အသင်းအတွက် ရာနှုန်းပြည့် အာရုံစိုက် ကစားတတ်တဲ့ ထိပ်တန်း ကစားသမား တယောက်ပါ။ သူက ဘိုင်ယန်မြူးနစ် အတွက် သွင်းဂိုး သွင်းယူပေးလိုက်ချိန်မှာ ကျွန်တော်က မာနေးဟာ တကယ်ပဲ လီဗာပူး ကစားသမား မဟုတ်တော့ဘူး ဆိုတဲ့ အသိမျိုး ရသွားခဲ့ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version