ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရှုံးပေးခဲ့ရပြီးနောက် အဆိုပါပွဲဟာ သူ့ဘဝရဲ့ အဆိုးရွားဆုံးပွဲပါလို့ ဝန်ခံသွားခဲ့ပါတယ်။

ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) အဖြစ် အိမ်ကွင်းမာတဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရကာ အဆိုပါပွဲမှာ ကလော့ပ်က ဒဏ်ရာတွေ ရထားတဲ့ နူနက်ဇ်နဲ့ ဗန်ဒိုက်တို့ကို မထည့်သွင်းခဲ့တာကလွဲရင် ကျန်တဲ့ နေရာတွေမှာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။

Photo Credit: Standard

တဖက်မှာလည်း ဘရိုက်တန်က သူတို့ရဲ့ အဓိက ကစားသမား အစုံအလင်ကို ထည့်ကာ လီဗာပူးကို ဧည့်ခံ ကစားခဲ့ပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းခဲ့ပေမယ့် အိမ်ရှင် ဘရိုက်တန်က ပွဲစပွဲဆုံး လီဗာပူးကို ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့သလို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဘရိုက်တန် ၃-၀ လီဗာပူး ပွဲစဉ်မှာ လီဗာပူးက ဘရိုက်တန်ရဲ့ ဖိအားပေးမှုတွေကို အလွယ်တကူ ခံခဲ့ရသလို ဘရိုက်တန်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကိုလည်း မကာကွယ်နိုင်ခဲ့တာကြောင့် အယ်လီဆန် ဦးဆောင်တဲ့ လီဗာပူး ခံစစ်ကြောင်းက ပေးဂိုးတွေ မများသွားအောင် အသည်းအသန် ခုခံ ကာကွယ် ကစားခဲ့ရသလို ဆာလာနဲ့ ဂတ်ပိုတို့ ဦးဆောင်နေတဲ့ တိုက်စစ်ပိုင်းကပါ ရလာတဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာကြောင့် လီဗာပူးဟာ အဝေးကွင်းမှာ ရမှတ်ဗလာ ၊ သွင်းဂိုးဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

Photo Credit: Standard

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ လီဗာပူးနည်းပြ ကလော့ပ်က သူတို့ရဲ့ ဆိုးရွားလွန်းတဲ့ ကစားပုံကြောင့် အဝေးကွင်းဆီ လိုက်ပါအားပေးတဲ့ ပရိသတ်တွေကို တောင်းပန်သွားခဲ့သလို သူ့အသင်းရဲ့ ဒီနေ့ပွဲ ကစားပုံဟာ သူ့ရဲ့ နည်းပြဘဝမှာ အဆိုးရွားဆုံး ကစားပုံ ဖြစ်ကြောင်းလည်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်က – “ပွဲက အခုမှ ပြီးသွားလို့ ဒီလိုခံစားချက်မျိုး ရနေတာလား ဆိုတာ မသိပေမယ့် ဒီပွဲက ကျွန်တော့်ရဲ့ ဘဝမှာ အဆိုးရွားဆုံးပွဲပါပဲ။ ကျွန်တော် အရိုးသားဆုံး ပြောတာပါ။ ဒီပွဲက ကျွန်တော့်ရဲ့ လီဗာပူးနည်းပြဘဝ အဆိုးရွားဆုံးပွဲတင် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဘဝမှာ အဆိုးရွားဆုံးပွဲပါ။ ပြီးတော့ ဒီပွဲရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းအတွက် တာဝန်အရှိဆုံးက ကျွန်တော်ပါပဲ။ ကျွန်တော်တို့က တကယ်ကို ခက်ခဲတဲ့ အချိန်တခုထဲ ရောက်နေတာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။