လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာ ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပြီး နည်းပြ ပက် ဂွါဒီယိုလာက ကမ္ဘာ့ အကောင်းဆုံး နည်းပြ ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုအပတ်က မန်စီးတီးအသင်း နဲ့ ချဲလ်ဆီးအသင်းတို့ ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက မန်စီးတီးအသင်းကို အနိုင်ကစားသွားခဲ့တာကြောင့် နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Goal

ဒေါ့မွန် ကြယ်ပွင့် ဆန်ချိုဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူအသင်း နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ စိတ်ဝင်စားခြင်းကိုလည်း ခံနေရပြီး သူ့ရဲ့ ပာင်းရွေ့ကြေးက ပေါင် သန်း (၁၀၀) ကျော် ရှိနေတဲ့ အတွက်ကြောင့် လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိရာသီမှာ သူ့ကို ခေါ်ယူဖို့ နည်းပါးပါတယ်။ လီဗာပူးလ်အသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ငွေကြေး အကျပ်အတည်း ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က လိုက်ဇစ် တိုက်စစ်မှူး တီမို ဝါနာကို ခေါ်ယူနိုင်တဲ့ အခွင့်အရေး ရှိခဲ့ပေမယ့်လည်း ငွေကြေး အခြေအနေကြောင့် မခေါ်ယူခဲ့ဘဲ လက်လွတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ဟာ တိုက်ရိုက် တင်ဆက်တဲ့ အစီအစဉ်မှာ ဆန်ချိုရဲ့ အကြောင်းကို ဂျာမနီ အခြေစိုက် BILD သတင်းက မေးတဲ့ အချိန်မှာ သူက “လီဗာပူးလ်အသင်းရဲ့ အင်္ကျီက ဆန်ချိုနဲ့ အတော် လိုက်ဖက်မှာပါ။ ဒါပေမယ့်လည်း ဒီအပြောင်းအရွေ့က လာမယ့် နွေရာသီ ဈေးကွက် အတွင်းမှာ ဖြစ်သွားမယ်လို့ ကျွန်တော် မထင်ဘူး။ ဆန်ချိုက အလွန် စိတ်ဝင်စားဖို့ ကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ တကယ်လို့များ ဆန်ချိုအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းလာမယ် ဆိုရင် ကျွန်တော်က အားလုံးထက် အံ့အားသင့်တဲ့ သူ ဖြစ်မှာပါ။ ပရီးမီးယား လိဂ် ဆုဖလားကို ရရှိလို့ ကျွန်တော်က ကမ္ဘာ့ အကောင်းဆုံး နည်းပြ မဖြစ်နိုင်ပါဘူး။ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ကမ္ဘာ့ အကောင်းဆုံး နည်းပြ ဖြစ်မယ်လို့ ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။