လီဗာပူးလ်အသင်း ဒီနောက်ပိုင်း ခေါ်ယူဖြစ်ခဲ့တဲ့ ကစားသမားတွေထဲမှာ အသင်းအတွက် အကျိုးပြုနိုင်ခဲ့တဲ့ ကစားသမားဦးရေက ပိုမိုများပြားခဲ့ပြီိး ဒီထဲမှာ ဆာဒီယိုမာနေးလည်း အပါအဝင်ဖြစ်လို့နေပါတယ်။ ဆောက်သမ်တန်ကနေ ရောက်ရှိလာခဲ့တဲ့ ဆီနီဂေါတိုက်စစ်ကစားသမားမာနေးဟာ အခုလက်ရှိအချိန်မှာတော့ လီဗာပူးလ်အသင်းရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေနိုင်သလို အသင်းဖော်တွေဖြစ်တဲ့ မိုဟာမက်ဆာလာ ရောဘတ်တိုဖာမီနိုုတို့နဲ့တွဲဖက်ပြီး အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းတွေ ပြသထားနိုင်ခဲ့ကာ ဒီရာသီမှာလည်း အတောက်ပဆုံး သူရဲ့စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ဖော်ပြသထားခဲ့ပါတယ်။

Photo Credit : Telegraph

ဒီလို ခြေစွမ်းကောင်းတွေ ပြသထားခဲ့ပေမယ့်လည်း မာနေးဟာ လီဗာပူးလ်နည်းပြ ယာဂင်ကလော့နဲ့ စတင်ဆုံစည်းခဲ့ရာမှာတော့ ကလော့ရဲ့စိတ်ကိုမစွဲဆောင်နိုင်ခဲ့ပဲ အထင်သေးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့လိုက်ရတယ်လို့ သိရပါတယ်။ Made In Senegal လို့ အမည်ပေးထားတဲ့ မှတ်တမ်းဗီဒီယိုတစ်ခုထဲမှာ လီဗာပူးလ်နည်းပြကလော့က သူရဲ့အသင်းသားမာနေးနဲ့ပတ်သက်တဲ့ အမှတ်တရတွေအကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ကလော့က “ကျွန်တော် မာနေးနဲ့ စတင်ဆုံတွေ့ခဲ့တဲ့အကြောင်းကို ပြန်သတိရမိပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်ကလည်း ဒေါ့မွန်မှာပဲ ရှိနေသေးတာ”

Photo Credit : Benin Web TV

“အရမ်းကို ငယ်ရွှယ်သေးတဲ့ ကောင်လေးတစ်ယောက်က ထိုင်ခုံပေါ်မှာထိုင်နေတယ်။ ပြီးတော့ ဘော့စ်ဘောအားကစားသမားတွေ ဆောင်းလေ့ရှိတဲ့ ဦးထုပ်ကိုလည်း သူကဆောင်းထားတယ်။ စစချင်း မြင်လိုက်ရတဲ့ သူ့ပုံစံက ရက်ပ်ပါတစ်ယောက်လိုမျိုး။ သူ့ကိုကြည့်မိရင်းနဲ့ ငါ့မှာဒါတွေအတွက် အချိန်မရှိဘူးလို့ ကိုယ့်ကိုုကိုယ် တွေးမိလိုက်တယ်။ အဲ့ဒီတုန်းကလည်း အသင်းအတွက် ချက်ချင်းပွဲထွက်ကစားပေးနိုင်မယ့်သူမျိုးကို လိုအပ်နေတာမဟုတ်ပဲ တဖြည်းဖြည်းချင်းနဲ့ တိုးတတ်လာမယ့်သူကိုသာ ကျွန်တော်အလိုရှိခဲ့တာ။ ကျွန်တော်ဟာ လူတွေအတွက် တော်တော်လေးကောင်းမွန်တဲ့ ခံစားချက်ရှိတယ်လို့ ပြောချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်မှားခဲ့ပါတယ်။ သူက ဆာလ်ဇ်ဘာ့ဂ်မှာရော ဆောက်သမ်တန်မှာပါ သူရဲ့အကောင်းဆုံးခြေစွမ်းတွေ ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အရမ်းတောက်ပနေတဲ့ မာနေးကို ရီးရဲလ်မက်ဒရစ်အသင်းကနေ စိတ်ဝင်စားလို့နေပြီး နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ်တောင်ရှိနေပါတယ်။