လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် ကတော့ ယခုရက်ပိုင်း ထွက်ပေါ်နေတဲ့ ဆာလက်ရဲ့ ကောလဟာလတွေ နဲ့ ပတ်သက်ပြီးတော့ ထင်မြင်ချက်ကို ပြောပြသွားခဲ့ပါတယ်။ တိုက်စစ် ကစားသမား မိုဟာမက် ဆာလက် ဟာ ၂၀၁၇ နွေရာသီ အပြောင်းအရွှေ့ တုန်းက ရိုးမား အသင်းကနေ အန်ဖီးလ် ကို ယူရို ၄၂ သန်း ( ပေါင် ၃၈ သန်း၊ အမေရိကန်ဒေါ်လာ ၅၁ သန်း ) နဲ့ ရောက်ရှိလာတဲ့ အချိန်က စတင်ပြီးတော့ အားရစရာ ခြေစွမ်းမျိုးကို လီဗာပူး ပရိသတ်တွေ အတွက် ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ အီဂျစ် လက်ရွေးစင်ကစားသမား ဆာလက် ဟာ ကလော့ပ် ရဲ့ အသင်းမှာ အလျှင်အမြန်ပဲ အသားကျ ခဲ့ပြီးတော့ ချယ်လ်ဆီးမှာ ကစားခဲ့စဉ်က သူ့ရဲ့ ခြေစွမ်းပိုင်းကို မယုံကြည်ခဲ့တဲ့ ကလော့ပ် ကိုလည်း အဲ့ဒါက မှားကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဆာလက် ဟာ လီဗာပူး အသင်း အတွက် ပထမဆုံး ၁၇၃ ပွဲပါဝင် ကစားပေးခဲ့ပြီးတော့ သွင်းဂိုးအားဖြင့် ၁၁၀ ဂိုးအထိတောင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူး အသင်းကို ချန်ပီယံလိဂ်ဖလား နဲ့ ပရီးမီးယားလိဂ် ဖလားတို့ကိုလည်း ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးတော့ ဆာလက်၊ ဖာမီနို နဲ့ မာနေး တို့ အတွဲတိုက်စစ်ဟာ ပြိုင်ဘက် အသင်းတွေ အတွက် အလွန်ကို အန္တရာယ်ရှိတဲ့ တိုက်စစ် အတွဲမျိုး ဖြစ်ခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိပြီ ဖြစ်တဲ့ ဆာလက်ဟာ ယခုလက်ရှိ ၂၀၂၀-၂၁ ရာသီမှာလည်း အကောင်းဆုံး ခြေစွမ်းကို ပြသထားနိုင်ပြီးတော့ ၁၃ ပွဲကစားအပြီးမှာ ၁၃ ဂိုးအထိ ရယူထားနိုင်ပြီ ဖြစ်ပါတယ်။ ဆာလက် အနေနဲ့ အသင်းမှာ ဘယ်လိုပဲ ခြေစွမ်းပြနေပါစေ၊ မကြာသေးခင်လောက်က လီဗာပူး အသင်း အနေနဲ့ ဆာလက် ကို ရောင်းချဖို့ရာ အတွက် စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ နဲ့ အတူ ဆာလက်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ အသင်းတို့က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါ သတင်းတွေဟာ ကောလဟာလ သက်သက်သာ ဖြစ်ပြီးတော့ လီဗာပူး အသင်းအနေနဲ့ ဆာလက်ကို ၂၀၂၃ အထိ စာချုပ် သက်တမ်းတိုးဖို့ ဆုကြေးတစ်မျိုးမျိုး နဲ့ ကမ်းလှမ်းသွားဖွယ်ရှိတယ်လို့ နာမည်ကြီး Goal သတင်းဌာန ကနေ ဖော်ပြထားပါတယ်။ ဝက်စ်ဘရွန်း အသင်း နဲ့ ပွဲမတိုင်ခင်မှာ သတင်း‌ထောက်တွေ အနေနဲ့ နည်းပြ ကလော့ပ် ကို ဆာလက်ရဲ့ အခြေအနေ၊ ကောလဟာလ တွေ နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ နည်းပြ ကလော့ပ် ကတော့ အဆိုပါ မေးခွန်းတွေ နဲ့ ပတ်သက်ပြီး အခုလို ဖြေခဲ့ပါတယ်။ “ ကျွန်တော်တို့ ဘယ်တုန်းကမှ အပေးအယူကိစ္စတွေ မပြောခဲ့ကြပါဘူး။ ဒါဆို ဘာလို့ အခုမှ ပြောကြမှာလဲ ? မို(ဆာလက်)မှာ ကောင်းတဲ့ ခံစားချက်မျိုး၊ ကောင်းတဲ့ အခိုက်အတန့်မျိုး ရှိနေတယ်။ ခြေစွမ်းပိုင်းကလည်း အတော်လေး ထက်မြတ်နေတယ်။ ဒါကြောင့်မို့ အဲ့ဒါကပဲ အရေးကြီးဆုံး အချက်ပါပဲ။ လေ့ကျင့်ရေးဆင်းတဲ့ အခါမှာ သူ အတော်လေး ရယ်ရယ်မောမော ဖြစ်နေတာကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ ကျန်တဲ့ အပိုင်းက ခင်ဗျားတို့အတွက် သတင်းရေးဖို့ ကောင်းရင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကောလဟာလ တွေက လုံးဝ မမှန်ပါဘူး ” လို့ ပြောဆိုသွားခဲ့ပါတယ်။