ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က စပါးနဲ့အတူ တောက်ပနေတဲ့ တောင်ကိုရီးယား ကြယ်ပွင့် တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် မခေါ်ခဲ့မိလို့ နောင်တရကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် တောင်ကိုရီးယား အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ဆွန်ဟောင်မင်က လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း လီဗာပူးရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာနဲ့အတူ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲ ရရှိခဲ့ပါသေးတယ်။

Photo Credit: Mirror

ဆွန်ဟောင်မင်က ၂၀၁၅ခုနှစ်မှာ လေဗာကူဆင် ကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အဆိုပါ အချိန်တုန်းက ဆွန်ဟောင်မင်ရဲ့ အေးဂျင့်က လီဗာပူးထံ ဆွန်ဟောင်မင်ကို ကမ်းလှမ်းခဲ့သေးပေမယ့် လီဗာပူးနည်းပြ ကလော့ပ်က ဆွန်ဟောင်မင် အစား အက်စ်တွန်ဗီလာကြယ်ပွင့် ဘန်တီကီကို ခေါ်ယူဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဆွန်ဟောင်မင်က လီဗာပူးအစား စပါးထံ ပြောင်းရွှေ့သွားခဲ့ပြီး စပါးဆီ ရောက်ရှိအပြီးမှာတော့ ဆွန်ဟောင်မင်ဟာ သူ့ရဲ့ အရည်အသွေးတွေကို အကောင်းဆုံး ထုတ်ပြနိုင်ခဲ့တာကြောင့် စပါးရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြထားနိုင်ကာ ယာဂင် ကလော့ပ် ရွေးချယ်ခဲ့တဲ့ ဘန်တီကီကတော့ လီဗာပူးမှာ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

Photo Credit: Mirror

လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က ဖာမီနိုနဲ့ ဆွန်ဟောင်မင်တို့ နှစ်ဦးကို တခါထဲ ခေါ်မယ့် အစား ဖာမီနိုနဲ့ ဘန်တီကီတို့ကို ခေါ်ယူခဲ့မှု အတွက် နောင်တရနေခဲ့ပြီး သူ့ရဲ့ ဘဝမှာ နောင်တအရဆုံး ဆုံးဖြတ်ချက်တွေထဲက တခုဟာ ဆွန်ဟောင်မင်ကို မခေါ်ခဲ့မိလို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

ကလော့ပ်က – “ကျွန်တော့်ရဲ့ ဘဝမှာ နောင်တအရဆုံး ဆုံးဖြတ်ချက်တွေထဲက တခုဟာ ဆွန်ဟောင်မင်ကို မခေါ်ခဲ့တာပါပဲ။ ဆွန်ဟောင်မင်က ကမ္ဘာ့အဆင့် တိုက်စစ်မှူးပါ။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးလို့ ပြောရင် မှားမယ် မထင်ပါဘူး။ သူ့ရဲ့ ဒဏ်ရာအခြေအနေက ကောင်းမွန်နေတယ်လို့ ကြားထားပါတယ်။ (မျက်ခွံရိုးကျိုးဒဏ်ရာ) သူက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ကစားဖို့ မျက်နှာဖုံး တပ်ရချင် တပ်ရပါလိမ့်မယ်။ တကယ်လို့ မျက်နှာဖုံးတပ်ပြီး ဆော့ရရင်တောင် သူက ခြေစွမ်းကောင်းတွေ ပြသနိုင်ပါလိမ့်မယ်” လို့ ဆွန်ဟောင်မင်ကို ချီးကျူးစကား ပြောကြားရင်း သူ့ရဲ့ နောင်တအရဆုံး ဆုံးဖြတ်ချက် တခု အကြောင်းကို ပြောပြသွားခဲ့တာပါ။