ပူပူနွေးနွေး ကွန်မြူနတီဒိုင်း ချန်ပီယံ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စထရက်ဘော့နဲ့ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် လူငယ်ကြယ်ပွင့်တွေရဲ့ ကစားပုံကို ကျေနပ်မိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက စနေနေ့ညမှာ အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရပေမယ့် လီဗာပူးနည်းပြ ကလော့ပ်က အသင်းရဲ့ အရန် ကစားသမားတွေနဲ့ လူငယ်ကြယ်ပွင့်တွေ အတွက် ကစားချိန် ရရှိအောင် ယနေ့မနက် အစောပိုင်းမှာ ပြင်သစ်ကလပ် စထရက်ဘော့နဲ့ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲကို ကစားဖို့ စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

လီဗာပူးနဲ့ စထရက်ဘော့တို့က လီဗာပူးရဲ့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရာ ဧည့်သည် စထရက်ဘော့က ပွဲကစားချိန် ၂၁မိနစ် အတွင်း ရခဲ့တဲ့ သွင်းဂိုး ၃ဂိုးနဲ့ လီဗာပူးကို ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်က စထရက်ဘော့နဲ့ ပွဲမှာ စီနီယာ ကစားသမားတွေ ဖြစ်တဲ့ မီလ်နာ ၊ ကိုနာတေး ၊ ဂိုးမက်စ် ၊ အီလိယက်ဒ်တို့ကို လူငယ် ကစားသမားတွေနဲ့ ပေါင်းစပ်ကာ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။

လီဗာပူးက စထရက်ဘော့ကို ရှုံးနိမ့်ခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာ လီဗာပူး လူငယ်ကြယ်ပွင့်တွေရဲ့ ခြေစွမ်းတွေကို အားရပါးရ လေ့လာ အကဲခတ်ခွင့် ရခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်ကလည်း ရာသီကြို နောက်ဆုံးခြေစမ်းပွဲ ဖြစ်လို့ ရလဒ်က အရေးမပါပဲ လူငယ်ကြယ်ပွင့်တွေရဲ့ ခြေစွမ်းကောင်းတွေကို မြင်တွေ့ခဲ့ရလို့ ပျော်ရွှင်မိကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားပါတယ်။

Photo Credit: Standard

ကလော့ပ်က – “ကျွန်တော်က ဒီနေ့ပွဲအပြီးမှာ ကောင်လေးတွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ဒုတိယပိုင်းမှာ သူတို့တွေ ပြသခဲ့တဲ့ တုံ့ပြန်မှုအတွက် အတော်လေး ဂုဏ်ယူပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ပွဲမှာ ကစားသွားခဲ့တဲ့ ကောင်လေးတွေက အရမ်းကို ငယ်ကြသေးသလို သူတို့က သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ အမြဲတမ်း အကောင်းဆုံး ဖြစ်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ သူတို့က စီနီယာ ဘောလုံးလောကရဲ့ အကြောင်းကို သိခွင့်ရခဲ့ပါပြီ” လို့ ပြောကြားသွားခဲ့တာပါ။