ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် နည်းပြအဖွဲ့ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကို သဘောမကျကြောင်း ပွဲအပြီးမှာပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အဖြစ် လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရာ လီဗာပူးအသင်းက ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပြီး လီဗာပူးအသင်း အတွက် သွင်းဂိုးတွေကိုတော့ မာနေး ၊ ဂျိုတာ ၊ ဆာလာနဲ့ မီနာမီနိုတို့က သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်နဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာတို့ဟာ လီဗာပူးအသင်း တိုက်စစ်မှူး မာနေးကြောင့် အကြီးအကျယ် အချင်းများခဲ့ကြပြီး ကွင်းလယ်ဒိုင်က သူတို့နှစ်ဦးစလုံးကို အဝါကတ်ပြား ပြသခဲ့ရတဲ့ အထိ ပြဿနာ ဖြစ်ပွားခဲ့ကြပါတယ်။

လီဗာပူး တိုက်စစ်မှူး မာနေးဟာ အာဆင်နယ် ခံစစ်မှူး တိုမီယာဆု အပေါ် ပြစ်ဒဏ် ကျူးလွန်မိရာ ကနေ အချင်းများမှု စတင်ခဲ့ကြတာ ဖြစ်ပြီး မာနေးက တိုမီယာဆု အပေါ် ပြစ်ဒဏ် ကျူးလွန်ခဲ့ချိန်မှာ အာတီတာ ဦးဆောင်တဲ့ အာဆင်နယ် နည်းပြအဖွဲ့ဟာ မာနေးကို အဝါကတ်ပြား ပြသဖို့ အတွက် ကွင်းလယ်ဒိုင်ကို ဖိအားပေး တောင်းဆိုခဲ့ကြကာ ကလော့ပ်ကတော့ အာဆင်နယ် နည်းပြအဖွဲ့ဟာ ပြစ်ဒဏ်ဘော မဟုတ်တဲ့ အရာကိုတောင် အနီကတ်ပြဖို့ တောင်းဆိုနေကြတဲ့ လူတွေဖြစ်ကြောင်း ပွဲအပြီးမှာ ဝေဖန်လိုက်ပါတယ်။

Photo Credit: Express

ကလော့ပ်က – “ မာနေးရဲ့ ပြစ်ဒဏ်ဘောတောင် မဟုတ်တဲ့ ဘောလုံးလုယူမှု ကနေ ပြဿနာတွေ စခဲ့တာပေါ့။ မာနေးရဲ့ ကစားပုံက ပြစ်ဒဏ်ဘော ပေးဖို့တောင် မလုံလောက်ခဲ့ပေမယ့် အာဆင်နယ် နည်းပြအဖွဲ့ ကတော့ အနီကတ်ပြရမယ့် ပြစ်ဒဏ်လိုမျိုး စောဒက တက်ခဲ့ကြတာပါ။ ဒါကြောင့် ကျွန်တော်လည်း မင်းတို့တွေ ဘာဖြစ်ချင်နေတာလဲ ဆိုပြီး မေးခဲ့မိပါတယ်။ ကွင်းလယ်ဒိုင် ကတော့ အခြေအနေကို အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့တယ် လို့ပဲ မြင်ပါတယ်။ ကျွန်တော်ရဲ့ အပြုအမူကလည်း အဝါကတ်ပြား ပြသခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ။ သူတို့က အချိုးမပြေတာပါ။ ဒါကြောင့်ပဲ ပြဿနာတွေ ဖြစ်ခဲ့တာပေါ့ဗျာ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ဆ