မနေ့ညက စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းအတွင်းမှာ ကျင်းပခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဧည့်သည်လီဗာပူးလ်ဘက်က ခံစစ်ပိုင်းမှာ ဂျိုးဂိုးမက်ဇ်နဲ့ မာတစ်တို့ ဒဏ်ရာတွေအသီးသီးတွေ ရရှိနေကြလို့ ကွင်းလယ်ကစားသမား ဖာဘင်ဟိုကို ဗဟိုခံစစ်နေရာမှာ ဗန်ဒိုက်နဲ့တွဲဖက်ကာ ပွဲထွက်စေခဲ့ပြီး ဖာဘင်ဟိုကလည်း အသင်းကို ပေးဂိုးမဲ့နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဖာဘင်ဟိုကို နည်းပြယာဂင်ကလော့က ချီးကျူးပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေ များစွာထားခေါ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ သေချာပြင်ဆင်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပွဲစဉ်အတွင်းမှာ အကြိတ်အနယ်ရှိခဲ့ပေမယ့် ချယ်လ်ဆီးဘက်က နောက်ခံလူခရစ္စတန်ဆန် အနီနဲ့ထုတ်ပယ်ခံရမှု ဂိုးသမားကပ်ပါရဲ့မှားယွင်းမှုနဲ့ ချေပဂိုးပြန်ရနိုင်မယ့် ပင်နယ်တီအခွင့်အရေးကို ဂျော်ဂျင်ဟိုဂိုးဝင်နိုင်အောင် မကန်သွင်းမှုတွေကြောင့် ချယ်လ်ဆီးကို လီဗာပူးလ်က မာနေးရဲ့သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်မှာ ဆာဒီယိုမာနေးက လီဗာပူးလ်အတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းအတွက် မထင်ထားလောက်အောင် ခြေစွမ်းပြခဲ့သူကတော့ ဗဟိုခံစစ်နေရာမှာ ပါဝင်ကစားခဲ့တဲ့ ဖာဘင်ဟိုဖြစ်တယ်လို့ ကလော့က ပြောဆိုလာခဲ့ပါတယ်။ ကလော့က “တကယ်လို့ ဆာဒီယိုအနေနဲ့ ဒီပွဲမှာ သွင်းဂိုး(၂)ဂိုးကို မသွင်းယူနိုင်ခဲ့ဘူးဆိုရင် ဖာဘင်ဟိုက ဒီပွဲရဲ့အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် သူရဲ့ခြေစွမ်းပြမှုတွေကို အရမ်းသဘောကျမိတယ်။ သူက တကယ့်ကို ထက်ထက်မြက်မြက်နဲ့ ကစားပြနိုင်ခဲ့တယ်။ သူက အသင်းကို ဘောလုံးတွေရအောင် ကူညီပေးခဲ့သလို ခံစစ်ပိုင်းမှာလည်း အတော်လေးကို အ့ံဝင်အောင် ကစားပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဟုတ်ပါတယ်။ သူရဲ့ Performance တွေက အသင်းရဲ့နိုင်ပွဲအတွက် အထောက်အကူဖြစ်ခဲ့ပါတယ်” လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ဒီပွဲစဉ်အတွင်းမှာ လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ သီယာဂိုအယ်ကန်တာရာကလည်း ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး သူရဲ့တိကျလှတဲ့ ဘောလုံးပေးပို့မှုများစွာကို လုပ်ဆောင်နိုင်ခဲ့ပြီး သူရဲ့(၄၅)မိနစ်အတွင်း တိကျတဲ့ ဘောလုံးပေးပို့မှု အရေအတွက် ချယ်လ်ဆီးအသင်းသားတွေ တစ်ပွဲလုံးပေးပို့မှုတွေထက်ပင် သာလွန်နေခဲ့တယ်လို့ အချက်အလက်တွေအရ သိရှိရပါတယ်။