ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးကနေ ထွက်ခွာမယ်လို့ ကြေညာထားတဲ့ လီဗာပူးနည်းပြချုပ် ယာဂင် ကလော့ပ်က သူ့ရဲ့နေရာကို ဆက်ခံမယ်လို့ သတင်းကြီးနေတဲ့ လီဗာပူး ကစားသမားဟောင်း ဇာဘီ အလွန်ဆိုဟာ အရည်အချင်းမြင့်တဲ့ နည်းပြ တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၄၂နှစ် အရွယ် စပိန်ဂန္တဝင် ကွင်းလယ်လူ အလွန်ဆိုက ကစားသမား ဘဝမှာ လီဗာပူး ၊ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေနဲ့ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့သလို နည်းပြလောကကို ကူးပြောင်းချိန်မှာလည်း လေဗာကူဆင်ကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်ပါတယ်။

 

Photo Credit: Football Transfer

အလွန်ဆိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တန်းဆင်းဇုန်နား ရောက်နေတဲ့ လေဗာကူဆင်ကို ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့် ရတဲ့ အထိ ဦးဆောင်ပေးနိုင်ခဲ့သလို ဒီရာသီမှာလည်း သူ့ရဲ့ လေဗာကူဆင်က ပြိုင်ပွဲစုံ ၃၂ပွဲဆက် ရှုံးပွဲ မတွေ့သေးသလို ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကိုလည်း သိမ်းပိုက်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကလော့ပ်ကို လက်လွှတ်ရတော့မယ့် လီဗာပူးက ဇာဘီ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး လီဗာပူးအပြင် အလွန်ဆိုရဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်ကလည်း အလွန်ဆိုကို ခေါ်ယူချင်နေပါတယ်။

Photo Credit: Team Talk

ကလော့ပ်ကတော့ ဇာဘီ အလွန်ဆိုဟာ ထိပ်တန်းနည်းပြ တဦး ဖြစ်ပြီး အလွန်ဆိုရဲ့ ကစားပုံ ၊ စိတ်ဓာတ်နဲ့ ကစားသမား ခေါ်ယူမှုတွေ အားလုံးက ကောင်းမွန်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ကလော့ပ်က – “ဇာဘီ အလွန်ဆိုဟာ ကစားသမား ဘဝထဲက နည်းပြတယောက်လို တွေးပြီး ဘောလုံး ကစားတတ်သူပါ။ သူ့ရဲ့ ကစားပုံ ၊ လူထုတ်ပုံနဲ့ ကစားသမား ခေါ်ယူမှုတွေ အားလုံးက ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ကျွန်တော်က ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ကာလရှည် ယှဉ်ပြိုင်ခဲ့ဖူးတော့ လေဗာကူဆင်ရဲ့ ကစားပုံက အရမ်း ကောင်းနေတာကို သိပါတယ်” လို့ ပြောကြားကာ အလွန်ဆိုကို ချီးကျူးသွားခဲ့တာပါ။