ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ ပွဲကျပ်မှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆာလာဟာ ထာဝရ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်နေပြီလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် လတ်တလောမှာ ပုံစံကောင်း ရနေတဲ့ စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရပြီး အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ ပထမပိုင်း သွင်းဂိုး ၂ဂိုးနဲ့အတူ အနိုင် ၃မှတ်ကို အရယူကာ အိမ်ပြန်နိုင်ခဲ့ပါတယ်။

Photo Credit: Bein Sports

စပါးရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အိမ်ရှင် စပါးက လီဗာပူးဘက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပေမယ့် လီဗာပူးက စပါးရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သလို ဆာလာနဲ့ နူနက်ဇ်တို့ နှစ်ဦး ဦးဆောင်တဲ့ တိုက်စစ်ပိုင်းကလည်း စပါးရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

စပါး ၁-၂ လီဗာပူး ပွဲစဉ်အပြီးမှာတော့ လီဗာပူးနည်းပြ ကလော့ပ်က အသင်းရဲ့ အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ အဓိက တိုက်စစ်မှူး ဆာလာအား အထူးတလည် ချီးကျူးသွားခဲ့ပြီး ဆာလာဟာ ဘောလုံးသမိုင်းရဲ့ ထာဝရ အကောင်းဆုံး တိုက်စစ်မှူးစာရင်းထဲ ပါနေပြီလို့လည်း ဆိုလာပါတယ်။

Photo Credit: Bein Sports

ကလော့ပ်က – “ဆာလာက ရာသီအစမှာ အထလေးခဲ့ပေမယ့် သူက ဥရောပပြိုင်ပွဲမှာ ဂိုးသွင်းခွင့် အများဆုံး ဖန်တီးပေးထားတဲ့ ကစားသမားတွေထဲ ပါဝင်နေခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက ရာသီအစမှာ ဂိုးသွင်းခွင့်တွေ အများကြီး ရခဲ့ပေမယ် အသုံးမချနိုင်ခဲ့သလို ဆာလာကလည်း ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါက တိုက်စစ်မှူး တဦးမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အရာပါပဲ။ ဆာလာရဲ့ လီဗာပူး ကစားသမားဘဝကို ကြည့်လိုက်ရင် လူတိုင်းက သူတို့ဟာ ထာဝရ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးကို ကြည့်နေရတယ် ဆိုတာ သိကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ စံချိန်တွေ ၊ ဂိုးသွင်းနှုန်းတွေက မယုံနိုင်စရာ ကောင်းနေလို့ပါ။ ဒီညမှာလည်း သူက သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အသင်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင်ပါ ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ ခြေစွမ်းပြပြီး ဂိုးသွင်းနိုင်တာကို မအံ့ဩမိပါဘူး။ ကျွန်တော်က သူ့ရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို အရမ်း သဘောကျပါတယ်” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဆာလာက ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ပွဲ ၂၀ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။