ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အော်ရီဂီဟာ ဂန္တဝင် ကစားသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် ဝုဗ်အသင်းရဲ့ အိမ်ကွင်း မော်လီနက်စ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းဟာ ဝုဗ်အသင်းကို ခြေစွမ်းပိုင်း အပြတ်အသတ် အသာစီး ရခဲ့ပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ခက်ခဲခဲ့ပြီး လူစားဝင် တိုက်စစ်မှူး အော်ရီဂီရဲ့ နောက်ကျ အနိုင်ဂိုးကြောင့်သာ အနိုင် ၃မှတ် ရရှိခဲ့တာပါ။

Photo Credit: Standard

အသက် ၂၆နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး အော်ရီဂီဟာ လီဗာပူးအသင်းရဲ့ ပဥ္စမ ဦးစားပေး တိုက်စစ်မှူး တဦး ဖြစ်သလို ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ၃၈မိနစ်သာ ကစားထားရပေမယ့် အသင်းအတွက် အဖိုးတန် သွင်းဂိုးတွေကို သွင်းယူပေးထားနိုင်သူပါ။

အော်ရီဂီဟာ လီဗာပူးအသင်းကို စတင် ရောက်ရှိတဲ့ အချိန်ထဲက အသင်းရဲ့ ဦးစားပေး တိုက်စစ်မှူး ဖြစ်ခွင့်မရပဲ အရန် ကစားသမား အဖြစ်သာ ကျင်လည်ခဲ့ရပေမယ့် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးနဲ့ ချေပဂိုး များစွာကို သွင်းယူပေးထားနိုင်ပြီး ဒါကြောင့်လည်း ဝုဗ်အသင်းနဲ့ ပွဲစဉ်အပြီးမှာပဲ ကလော့ပ်က အော်ရီဂီဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Standard

အော်ရီဂီက – “ပွဲကတော့ ရိုးရှင်းပါတယ်။ ကျွန်တော်တို့က အနိုင်ဂိုး မရသေးလို့ အနိုင်ဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ အော်ရီဂီ ၊ အသင်းရဲ့ ဂန္တဝင်ကြီးက ကွင်းထဲကို ဝင်လာပြီး အသင်းအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က အော်ရီဂီကို သဘောကျတယ်။ အော်ရီဂီက အဆုံးသတ်ပိုင်း အရမ်းကို ကောင်းမွန်တဲ့ ကစားသမားပါ။ သူ့ရဲ့ အရည်အချင်းကို ကျွန်တော်တို့ လီဗာပူးအသင်းက လူတွေက မသိရင် ဘယ်သူက သိမှာလဲဗျာ။ သူ့ရဲ့ အဆုံးသတ် စွမ်းရည် ဘယ်လောက် ကောင်းလဲ ဆိုတာကိုလည်း ကျွန်တော်တို့တွေ မကြာခဏ မြင်တွေ့ပြီးပါပြီ” လို့ အမွှန်းတင် ချီးကျူးခဲ့တာပါ