ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြ ဂျာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အသင်းရဲ့ ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့သလို အရေးပါတဲ့ ဦးဆောင်ဂိုး ရရှိအောင် ကူညီပေးခဲ့တဲ့ အသစ်စက်စက် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျမိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယမန်နေ့ညမှာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ အက်ဖ်အေဖလား ချန်ပီယံ လီဗာပူးက လိဂ်ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲကို ယှဉ်ပြိုင် ကစားခဲ့ရာ အဓိက ကစားသမားတွေ ဖြစ်တဲ့ အာနိုးလ် ၊ ဆာလာ ၊ နူနက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လီဗာပူးက အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ရာသီသစ်အတွက် ပထမဦးဆုံး ဆုဖလားကို အမိအရ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် လီဗာပူးရဲ့ လူစားဝင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က သူ့ရဲ့ အကောင်းမွန်ဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး နူနက်ဇ်ကြောင့်ပဲ လီဗာပူးက ပွဲကစားချိန် ၈၃မိနစ်မှာ အရေးပါတဲ့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့သလို နူနက်ဇ်ဟာ ပွဲကစားချိန် ၉၀+၄ မိနစ်မှာလည်း သူ့ရဲ့ လီဗာပူး ကစားသမား ဘဝ ပထမဦးဆုံး တရားဝင် သွင်းဂိုးလည်းဖြစ် ၊ အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးလည်း ဖြစ်တဲ့ ပွဲသိမ်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ကွန်မြူနတီဒိုင်း ပွဲစဉ်အပြီးမှာ လီဗာပူးရဲ့ ကစားပုံနဲ့ အလျင်အမြန် အသားကျခဲ့တဲ့ နူနက်ဇ်အပေါ် ချီးကျူးသံတွေ အလျှံအပယ် ထွက်ပေါ်နေပြီး လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်ကလည်း နူနက်ဇ်ဟာ သူတို့ရဲ့ နိုင်ပွဲမှာ အတော်လေး အရေးပါခဲ့ကြောင်းနဲ့ နူနက်ဇ်ရဲ့ ပွဲသိမ်းဂိုးဟာ ကိတ်မု့န်ပေါ်က အချိုခဲလေးလို ချိုမြိန်ကြောင်း ပြောကြားရင်း သူ့ရဲ့ တိုက်စစ်မှူးသစ်ကို ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Metro

ကလော့ပ်က – “နူနက်ဇ်ရဲ့ ခြေစွမ်းက အတော်လေး ကောင်းခဲ့ပါတယ်။ တကယ်ကို ကောင်းတာပါ။ သူက အချိန်နဲ့အမျှ အသင်းနဲ့ အသားကျလာပြီ ဆိုတာ သိသာပါတယ်။ လူတွေက ကစားသမား တယောက်ရဲ့ ပထမဦးဆုံး အခိုက်အတန့်တွေကို ကြည့်ရုံနဲ့ ဝေဖန်နေကြပါတယ်။ ဒါက ကောင်းတဲ့ အရာတခု မဟုတ်သလို တဖက်သားကိုလည်း ကူညီရာ မရောက်ပါဘူး။ ဒါပေမယ့် ဒါမျိုးတွေက အချိန်တိုင်း ဖြစ်ပျက်နေတာပါပဲ။ ဒီနေ့ပွဲမှာဆိုရင် ကျွန်တော်တို့ နှစ်သင်းစလုံးက ရာနှုန်းပြည့် ကြံ့ခိုင်မှုတွေ မရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က အရင်ပွဲတွေထက်တော့ ပိုပြီး ကြံ့ခိုင်လာပါတယ်။ လူတွေက နူနက်ဇ်ရဲ့ ဘောလုံး ထိချက်တွေကို ကြည့်ပြီး ဟာသတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက လှောင်ပြောင်သံတွေကို ကြံ့ကြံ့ခံခဲ့တယ်။ ပြီးတော့ သည်းခံခဲ့ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က နူနက်ဇ်ဟာ အသင်းအတွက် ကောင်းမွန်တဲ့ အရာတွေကို ယူဆောင်ပေးနိုင်တယ် ဆိုတာကို သိထားကြလို့ပါ။

တိုက်စစ်မှူးတွေ ဆိုတာ ထူးခြားတဲ့ ကစားသမားတွေပါ။ လူတွေက အမြဲတမ်း တိုက်စစ်မှူးတွေဆီ ကနေ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေကို မြင်ချင်ကြပါတယ်။ ဒီနေ့ပွဲမှာဆိုရင်လည်း ဒါဝင်က သွင်းဂိုး ၁ဂိုး မသွင်းနိုင်ခဲ့ရင်တောင် သူ့ရဲ့ ခေါင်းတိုက်ချက်ကြောင့် ကျွန်တော်တို့တွေ ပင်နယ်တီ ရခဲ့တာပါ။ ဒါဝင် တယောက် ဂိုးသွင်းနိုင်ခဲ့တာက ကိတ်မုန့်ပေါ်မှာ ရှိတဲ့ အချိုခဲလေးလို ချိုမြိန်တာတော့ အမှန်ပါ။ ဒါက သူ့အတွက် ကောင်းမွန်တဲ့ သွင်းဂိုး တဂိုး ဖြစ်ခဲ့ပါတယ်။ ကောင်လေးတွေကလည်း သူ့အတွက် ပျော်ရွှင်နေကြပါတယ်” လို့ ဒါဝင် နူနက်ဇ်အပေါ် ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။