ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆)မှာ အက်စ်တွန်ဗီလာကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးအား “စက်ရုပ်လူသား” လို့ အမည်တပ်ကာ ချီးကျူးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ အပြိုင် ဖြစ်နေတဲ့ လီဗာပူးဟာ ချန်ပီယံဆု အတွက် အမှားခံလို့ မရတဲ့ အနေအထားကို ရောက်ရှိနေတာကြောင့် အက်စ်တွန်ဗီလာကို အဝေးကွင်းမှာ နိုင်ခဲ့တဲ့ပွဲက သူတို့အတွက် အဖိုးတန်နိုင်ပွဲ တပွဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit: Euro Sports

အဆိုပါနိုင်ပွဲကြောင့်ပဲ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၆) အပြီးမှာ မန်ချက်စတာ စီးတီးနဲ့ ရမှတ်တူ အနေအထားကို ရောက်ရှိသွားခဲ့ပြီး မန်ချက်စတာ စီးတီးကသာ လက်ကျန်ပွဲတွေမှာ အမှားအယွင်း လုပ်ခဲ့ရင် ချန်ပီယံဆုကို မျှော်မှန်းနိုင်မယ့် အခြေအနေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က လီဗာပူးအတွက် လွယ်ကူတဲ့ ပွဲတပွဲ မဟုတ်ခဲ့ပဲ ဂျာရတ်ရဲ့ ဗီလာက လီဗာပူးကို တတ်စွမ်းသရွေ့ ဒုက္ခပေးဖို့ ကြိုးစားခဲ့ပြီး လီဗာပူးက အဓိက တိုက်စစ်မှူး မာနေးရဲ့ ခြေစွမ်းပြမှုနဲ့ လှပတဲ့ ခေါင်းတိုက်သွင်းဂိုးတို့ကြောင့်သာ သက်သာရာ ရခဲ့တာပါ။

Photo Credit: Euro Sports

ဗီလာကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် လီဗာပူးနည်းပြ ကလော့ပ်က အသင်းရဲ့ အနိုင်ရလဒ် အတွက် အရေးပါခဲ့တဲ့ တိုက်စစ်မှူး မာနေးကို အထူးတလည် ချီးကျူးသွားခဲ့ပြီး မာနေးက စက်တလုံးလို မရပ်မနား စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တဲ့ ကစားသမား ဖြစ်ကြောင်းလည်း ဆိုသွားခဲ့ပါတယ်။

ကလော့ပ်က – “မာနေးက စက်ရုပ်လိုပါပဲ။ ဒါကိုလည်း ကျွန်တော်က သူ့ကို ပြောပြပြီးပါပြီ။ သူက အရမ်းကို ကြီးကျယ်တဲ့ ကစားသမား တယောက်ပါ။ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အံ့အားသင့်စရာ ကောင်းပါတယ်။ သူက နည်းစနစ် ၊ စိတ်အားထက်သန်မှုနဲ့ ကြံ့ခိုင်မှုတို့ ပေါင်းစပ် ရောမွှေထားတဲ့ စက်တလုံးနဲ့ တူပါတယ်။ လူတိုင်းက ဒီပွဲအပြီးမှာ မောပန်း နွမ်းနယ်နေကြပေမယ့် ခင်ဗျားတို့တွေ မာနေးကို ကြည့်လိုက်ရင် သူ့ဆီမှာ နွမ်းနယ်မှုတွေ မရှိတာကို မြင်ကြရမှာပါ။ ဒါကပဲ သူ့ရဲ့ အားသာချက် တခုလို ဖြစ်နေပါတယ်။ သူက တကယ့်ကို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးပါ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။