ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ဒါဘီနဲ့ EFLဖလား တတိယအဆင့် ပွဲစဉ်မှာ ပင်နယ်တီ ၃လုံး အထိ ကာကွယ်ပေးကာ အသင်းကို နောက်တဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ လူငယ် ဂိုးသမား ကယ်လယ်ဟာက ကမ္ဘာ့အကောင်းဆုံး အရန်ဂိုးသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

EFLဖလားရဲ့ လက်ရှိချန်ပီယံ လီဗာပူးက  EFLဖလား တတိယအဆင့် ပွဲစဉ်အဖြစ် လိဂ်ဝမ်းကလပ် ဒါဘီကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ အလွယ်တကူ အနိုင်ရသွားလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် သာမန် ပွဲကစားချိန် အတွင်းမှာ အနိုင်ရအောင် မကြိုးစားနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

Photo Credit: Mirror

လီဗာပူးနည်းပြ ကလော့ပ်က ဒါဘီနဲ့ ကစားခဲ့ရတဲ့ ပွဲမှာ ဂိုမက်စ် ၊ ဆီမီကတ်စ်နဲ့ ချိန်ဘာလိန်တို့ကို လူငယ် ကစားသမားတွေနဲ့ တွဲဖက်ကာ အသုံးပြုခဲ့ပြီး လူငယ် ကစားသမား အများစုနဲ့ ယှဉ်ပြိုင်ခဲ့ရတာကြောင့် လီဗာပူးက သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရကာ သာမန် ပွဲကစားချိန် အတွင်းမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့်ပဲ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပင်နယ်တီ အဆုံးအဖြတ် ခံယူချိန်မှာတော့ လီဗာပူးရဲ့ အရန်ဂိုးသမား ကယ်လယ်ဟာက သူ့ရဲ့ အကောင်းမွန်ဆုံး လက်စွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး အသင်းအတွက် ပင်နယ်တီ ၃လုံး အထိ ပုတ်ထုတ်ပေးခဲ့ကာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့်သာ လီဗာပူးက ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး နောက်တဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Mirror

ဒါကြောင့်ပဲ လီဗာပူး ၀-၀ ဒါဘီ ပွဲအပြီးမှာ လီဗာပူးနည်းပြ ကလော့ပ်က ကယ်လယ်ဟာရဲ့ လက်စွမ်းကို အထူးတလည် ချီးမွမ်းခန်း ဖွင့်သွားခဲ့ပြီး ကယ်လယ်ဟာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အရန်ဂိုးသမား ဖြစ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်က – “ကယ်လယ်ဟာက အရမ်းကို ကောင်းတဲ့ ပင်နယ်တီ ကန်ချက် ၃ကြိမ်ကို ကာကွယ်ပြခဲ့တာပါ။ သူ ကာကွယ်ခဲ့တဲ့ ပင်နယ်တီ ကန်ချက် အားလုံးက ဂိုးထောင့်တွေဆီ သွားခဲ့ပါတယ်။ အဲ့ဒီ ပင်နယ်တီ ကန်ချက်တွေက ညံ့တဲ့ ကန်ချက်တွေ ၊ ထိချက် လွဲသွားတဲ့ ကန်ချက်မျိုးတွေ မဟုတ်ပါဘူး။ ဒါကိုတောင် သူက ၃ကြိမ်စလုံး ကာကွယ်ပြသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ ကယ်လယ်ဟာက ကမ္ဘာ့အကောင်းဆုံး အရန်ဂိုးသမား ဖြစ်နေတာပါလို့” ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။