ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အဝေးကွင်းမှာ အနိုင်ရပြီး ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်အောင် အဓိက ကူညီပေးခဲ့တဲ့ တိုက်စစ်မှူး ဂျိုတာကို ကမ္ဘာ့အဆင့် ကစားသမားလို့ ပွဲအပြီးမှာပဲ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး လီဗာပူးအသင်းက အာဆင်နယ်အသင်းကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Sky Sports

အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် လီဗာပူး တိုက်စစ်မှူး ဒီယေဂို ဂျိုတာက တကိုယ်တော် ခြေစွမ်းကောင်းကို ထုတ်ပြနိုင်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂျိုတာရဲ့ အနိုင်ဂိုးတွေကြောင့်ပဲ လီဗာပူးအသင်းဟာ အဖိုးတန် နိုင်ပွဲတပွဲကို ရရှိခဲ့ပြီး ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားရတော့မှာပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ကတော့ မာနေး ၊ ဆာလာတို့လို အဓိက တိုက်စစ်မှူးတွေကို လက်လွှတ်ထားရချိန်မှာ အသင်းအတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တဲ့ ဂျိုတာကို ကမ္ဘာ့အဆင့် ကစားသမားလို့ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ကလော့ပ်က – “ဒီနေ့ပွဲမှာ အနိုင်ရခဲ့လို့ အသင်းသားတွေ အားလုံး လကမ္ဘာပေါ် ရောက်သလို ပျော်နေကြပါတယ်။ ဒီနေ့ပွဲက ခက်ခဲတဲ့ ပွဲတပွဲပါ။ အာဆင်နယ်အသင်းလို ကစားပုံ ကောင်းမွန်တဲ့ အသင်းတသင်းနဲ့ ပွဲမှာ ကောင်လေးတွေ ပြသခဲ့တဲ့ စွမ်းဆောင်ရည်က ကျေနပ်စရာပါပဲ။ ပထမပိုင်းမှာ အာဆင်နယ်ရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အေးအေးဆေးဆေး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီး မဖန်တီးနိုင်ခဲ့ပေမယ့် အရည်အသွေးမြင့် ဖန်တီးမှုတွေတော့ ပြုလုပ်နိုင်ပါတယ်။ ဂျိုတာနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ သူ့ရဲ့ ခြေစွမ်းက အတော်လေးကို ကောင်းနေပါပြီ။ သူ့ရဲ့ ဒုတိယသွင်းနဲ့ ပတ်သတ်ရင် ထရန့်(အာနိုးလ်)ကိုလည်း ချီးကျူးဖို့ လိုပါမယ်။ ဂျိုတာရဲ့ နေရာကို မြင်နိုင်တဲ့ သူ့ရဲ့ အရည်အချင်းက အဓိကကျခဲ့တာပါ။ ကျွန်တော်ကတော့ ဂျိုတာဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်လာပြီလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။