လီဗာပူးအသင်းရဲ့ ကစားသမားသစ် တစ်ဦးဖြစ်တဲ့ ဒီရိုဂို ဂျိုတာ ဟာ သူ့ရဲ့ လီဗာပူးအသင်း အတွက် တတိယမြောက် သွင်းဂိုးကို ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးအသင်း အတွက် သွင်းယူနိုင်ခဲ့ပြီးတော့ နည်းပြ ကလော့ပ် မျှော်မှန်းထားတာ ထက်ပိုတဲ့ ခြေစွမ်းမျိုးကို ပြသသွားနိုင်ခဲ့ပါတယ်။ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်အပြီးမှာ‌တော့ လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီးတော့ လီဗာပူးအသင်း နည်းပြ ဂျာဂျန် ကလော့ပ်က ကစားသမားအသစ် ဂျိုတာဟာ သူမျှော်လင့်ထားတဲ့ ခြေစွမ်းထက် ပိုသာတဲ့ ခြေစွမ်းမျိုးကို လုပ်ပြနိုင်ခဲ့တယ် ဆိုပြီးတော့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

Photo Credit: Goal

အဆိုပါ ပွဲစဉ်မှာ လီဗာပူးအသင်း အနေနဲ့ အန်ဖီးလ် မှာ မိနစ် ၇၀ အထိ တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ် ဖြစ်နေခဲ့ပြီး အနိုင်ရမှတ် ၃ မှတ်မသေချာ တော့ဘူးလို့ တွေးမိနေတဲ့ အချိန်မှာ ကလော့ပ် အနေနဲ့ နောက်ဆုံး လူစားလဲခြင်းကို ပြုလုပ်ခဲ့ကာ ဖာမီနိုနေရာမှာ ဂျိုတာကို ထည့်သွင်း ကစားစေခဲ့ပါတယ်။ ဂျိုတာဟာ ဝင်ရောက်လာပြီးနောက် ပွဲပြီးဖို့ ၅ မိနစ် အလိုမှာတော့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ စက်တင်ဘာလကမှ ဂျိုတာကို ပေါင် ၄၅ သန်း နဲ့ ဝုဗ်စ် အသင်းထံကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားကောင်းတွေနဲ့ ပတ်သတ်ရင် ကလော့ပ် ရဲ့ ပါးနပ်မှုကတော့ အံ့ဩစရာပါပဲ။

Photo Credit: Goal

ဂျိုတာရဲ့ ခြေစွမ်းတွေကို ခင်ဗျားအနေနဲ့ အံ့သြမိသလားဟု ပွဲအပြီးမှာ မေးခံခဲ့ရတဲ့ အခါမှာတော့ ကလော့ပ်က – “ ဒါပေါ့ အထင်ကြီးတာပေါ့၊ ကျွန်တော်တို့ အနေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ အတော်ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့ သူ့ကိုတော့ တအားကြီး စည်းရုံးဖို့ မလိုခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ခေါ်ယူနိုင်ဖို့ တော့ အတော်လေး ကြိုးစားခဲ့ရပါတယ်။ သူက ထူးချွန် ထက်မြက်သူတစ်ယောက်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော် သဘောကျတဲ့ ဘောလုံးကစားသမား ‌တစ်‌ယောက်ရဲ့ အရည်အချင်းမျိုး သူ့မှာ အကုန်လုံးရှိပါတယ်။ သူက မြန်တယ်။ ခန္ဓာကိုယ်ပိုင်း သန်စွမ်းတယ်။ သူ့မှာ ကိုယ်ပိုင် နည်းဗျုဟာ ရှိတယ်။ သူက ဘယ်ခြေကော-ညာ‌ခြေကော ကစားနိုင်တယ်။ သူ့စိတ်က လုံးဝကို ကြည်လင်နေတယ်။ သူက အဆင့်အတန်း မြင့်တဲ့ ကစားသမား တစ်ဦးပါ ” လို့ ‌ပြောဆို ချီးကျူးသွားခဲ့ပါတယ်။